မိုခါဘေးက ရုန်းထဖို့ အတွေးစများ
●───── ๑

๑ ─────●
စစ်ဘေးကြောင့် မနည်းကုန်းရုန်းထနေခဲ့ကြတဲ့
ရခိုင်လူမျိုးတွေဟာ ဒီနေ့မှာတော့ မိုခါမုန်တိုင်း
ဘေးက တစ်ဖန် အပြတ်အသတ် Zero Setting
ရောက်အောင် ပြန်လုပ်ပေးလိုက်ပါတော့တယ်…။
ရှိရင်းစွဲ အကိုင်းအခက်အလက်တွေကို ချိုးဖဲ့ပစ်လိုက်ပြီး၊ ရွက်နုတွေဝေကာ တဖန်ပြန်လည်မွေးဖွားဖို့၊ နိုးထကြဖို့၊ ကြိုးစားကြဖို့၊ ထကြွလုံ့လရှိကြဖို့၊အကြီးမားဆုံးစိန်ခေါ်မှုနဲ့ စမ်းသပ်မှုပုစ္ဆာကြီးတစ်ခုကို လက်တွေ့ချပေးလိုက်တာပါပဲ…။
ဒီနေ့ဒီအချိန်ဟာ ရခိုင်လူမျိုးတွေရဲ့ စိတ်ရှည်မှု၊
ကြံ့ကြံ့ခံနိုင်မှုနဲ့ အစွမ်းအစတွေကို နဖူးတွေ့ဒူးတွေ့ မှတ်ကျောက်တင်ခံပြီး ဓါးတောင်ကိုကျော်၊ မီးပင်လယ်ကို ဖြတ်သမ်းကြရမယ့် နေ့လည်းဖြစ်ပါတယ်…။
မမျှော်လင့်ထားတဲ့ သဘာဝဘေးက ပေးလိုက်တဲ့
အပျက်အစီးတွေ တစ်သက်လုံးရှာဖွေ တည်ဆောက်လာခဲ့ကြတဲ့ ဆုံးရှုံးဆုံးရှုံးမှုတွေကို အကုန်ဖျက်စီးသွားတာကြောင့် ပြန်လည်ထူထောင်ရေး ကိစ္စမှာ တစ်ဆင့်ပြီးတစ်ဆင့် လုပ်စရာတွေက အရမ်းကိုများမှာ အသေအချာပါပဲ…

Emergency Response: အရေးပေါ်ကယ်ဆယ်ရေးကတော့ ပြီးခဲ့တဲ့ရက်က ကိုယ့်နည်းကိုယ့်ဟန်၊ တစ်ပိုင်တစ်နိုင်၊ ပရဟိတအဖွဲ့တွေနဲ့ သက်ဆိုင်ရာတွေက လုပ်ပေးခဲ့ကြတဲ့အတွက် အကုန်လုံးရဲ့ စုစည်းညီညွတ်မှု၊ ရိုင်းပင်းမှုတွေနဲ့အတူ အသက်ဘေးကနေ ဖြတ်ကျော်နိုင်ခဲ့ကြတာဟာ ဝမ်းသာအားရ ကျေနပ်စရာပါပဲ။

လက်ရှိဆက်လက်ပြီး အရေးတကြီးလိုအပ်နေတာတွေကတော့ သူတို့ရဲ့ အစားအစာ၊ ရေသန့်နဲ့ အရေးပေါ် ဆေးဝါးပစ္စည်းတွေ ဖူလုံမှုရရှိဖို့၊ ယာယီနေစရာ အမိုးအကာတွေကို နိုင်သလောက် ဝိုင်းဝန်း ဖြည့်ဆည်းလှူဒါန်းပေးကြဖို့လည်း တောင်းဆိုပါတယ်…။

Damage Assessment: ပြန်လည်ထူထောင်ရေးတွေလုပ်ကြတဲ့အခါ အဆောက်အဦးနဲ့ ပိုင်ဆိုင်မှု ပျက်စီးဆုံးရှုံးမှုအားလုံးကို တတ်နိုင်သမျှ ရသလောက် တန်ဖိုးတွက်ချက်ပြီး စစ်တမ်းကောက်ယူကြဖို့လိုပါမယ်။

ဒါမှလည်း ထူထောင်ရေးလုပ်ကြတဲ့အခါ ဘာတွေက ဘယ်နေရာမှာ ဘလောက်အတိုင်းအတာနဲ့ တကယ်လိုအပ်နေလဲဆိုတာ အချက်အလက်နဲ့တကွ ခန့်မှန်းနိုင်ပြီး ထိထိရောက်ရောက် ကူညီနိုင်ကြမှာဖြစ်ပါတယ်…။

Strategic Planning: အပေါ်က စစ်တမ်းတွေကိုအခြေခံပြီး ပြန်လည်ထူထောင်ရေး ကိစ္စတွေကို အချိန်ကာလ၊ ဘတ်ဂျက်နဲ့ သက်ဆိုင်ရာဌာန၊ CSOs အသင်းအဖွဲ့၊ တစ်သီးပုဂ္ဂလနဲ့ အဖွဲ့အစည်းတွေကို သူတို့ရဲ့ ကျွမ်းကျင်မှု အတွေ့အကြုံပေါ်အခြေခံပြီး တိကျတဲ့တာဝန်တွေနဲ့ စနစ်တကျ ထိရောက်တဲ့အကူအညီ လုပ်ပိုင်ခွင့်တွေပေးဖို့ အမြဲနှိုးဆော်တိုက်တွန်းနေဖို့လည်း လိုပါတယ်။

အပျက်အစီးတန်ဖိုးတွေ လိုအပ်ချက် ကိန်းဂဏန်းတွေက များလွန်းတဲ့အတွက်၊ တစ်ပိုင်တစ်နိုင်အလှူရှင်တွေ၊ CSOs တွေလောက်နဲ့တော့ လုံလောက်မှုရရှိမှာမဟုတ်ပါဘူး၊ ရေရှည်ထူထောင်ရေးခရီးစဉ်မှာ UN, WHO, World Bank စတဲ့နိုင်ငံတကာ ကမ္ဘာ့အဖွဲ့အစည်းတွေရဲ့ အကူအညီကို မဖြစ်မနေရယူဖို့ အဆင့်ဆင့် အစီအစဉ်တွေ ရေးဆွဲလုပ်ဆောင်သွားကြရမှာပါ…။

Capital Funding: ငွေကြေးအကူအညီ ဘတ်ဂျက်တွေကိုတော့ တာဝန်ယူ တာဝန်ခံထားကြတဲ့ ပြည်သူ့အစိုးရနှင့် နိုင်ငံ့အစိုးရအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ငွေးကြး၊ NGOsနဲ့ ကမ္ဘာ့အဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေ၊ တစ်သီးပုဂ္ဂလ လှုဒါန်းသူတွေနဲ့ ရရာအရင်းအမြစ်တွေဆီကနေ ရသလောက်ရှာကြံကြရမှာပါပဲ။

ဩဇာရှိတဲ့ ပြည်သူ့အစိုးရက မြေပြင်မှာအမှတ်တကယ် လိုအပ်နေတဲ့အခြေအနေကို ထဲထဲဝင်ဝင်အသိဆုံးဖြစ်တာကြောင့် အလှူရှင်တွေ ယုံကြည်အားကိုးနိုင်တဲ့ လူမှုရေး အဖွဲ့အစည်းတွေရဲ့ စာရင်းတွေကို တရားဝင် ပွင့်လင်းမြင်သာစွာ ချပြဖို့ လူအများသိအောင် မီဒီယာတွေကနေ စနစ်တကျကူညီချပြပေးဖို့ ဆက်လက် လိုအပ်နေအုံးမှာပါ…။

အလှူရှင်တွေရဲ့ ငွေကြေးထောက်ပံ့မှုတွေကို အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေဆီကို ပြည့်ပြည့်ဝဝရောက်သွား စီးဆင်းသွားဖို့ ကြားခံ NGO, CSOs အဖွဲ့အစည်းတွေရဲ့ လိုက်နာရမယ့် စည်းကမ်းမူဘောင်တွေကို ကြပ်မတ်ပေးပြီး စနစ်တကျ သတိကြီးကြီးနဲ့ ထိန်းညှိပေးသွားဖို့လည်း အထူးလိုအပ်ပါတယ်…။

Debris Management: ပျက်စီးမှုတွေ စီမံခန့်ခွဲဖို့ ပထမခြေလှမ်းကတော့ စွမ်းနိုင်သူများဖြစ်ပါက မိမိပိုင်ဆိုင်မှုများကို ကိုယ့်ဘာသာတာဝန်ယူ ဖြေရှင်းနိုင်တဲ့ စွမ်းရည်ရှိပါက အကုန်လုံးကို ကိုယ်တိုင်တာဝန်ယူဖြေရှင်းတာ အကောင်းဆုံးအဖြေပဲဖြစ်ပါတယ်။ မနိုင်ပါက အစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေတောင်းပြီး အတူတကွ ရသလောက်ပြန်လည် တည်ဆောက်ယူရမှာဖြစ်ပါတယ်…။

နောက်တစ်ဆင့်ကတော့ ပြည်သူပိုင်ပစ္စည်းနှင့် နေရာများကို အားလုံးစုပေါင်းပြီး နိုင်သလောက်နဲ့ အတူတူရင်ချင်းစေ့ကာ ပူးပေါင်းတည်ဆောက်ကြဖို့ပါပဲ၊ ပြန်လည် ပြုပြင်ပြီး အသုံးပြုလို့ရနိုင်တာတွေကို ရသလောက် ပြန်သုံးဖို့၊ မရတာတွေတွေကို အသစ်တည်ဆောက်ဖို့ အစီအစဉ်တွေ ထားရှိရမှာပါ။

ဆက်လက်ဖြစ်လာနိုင်တဲ့ သဘာဝဘေးအန္တရယ်နဲ့ မုန်တိုင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေ ထပ်မဖြစ်ရလေအောင် ကြိုတင်ကာကွယ်ပြင်ဆင်ကြဖို့ အရေးကြီးပါတယ်…။

Infrastructure Repair and Geopolitic Reconstruction: ပျက်စီးသွားတဲ့ အဆောက်အဦး၊ လမ်း၊ တံတားနဲ့ လက်ရှိအရေးပေါ်အသုံးပြုဖို့လိုအပ်နေတဲ့ အင်တာနက်၊ ဆက်သွယ်ရေးနဲ့ ညဘက်လျှပ်စက်မီးရဖို့ စတဲ့ အရေးတကြီးအခြေခံလိုအပ်ချက်တွေကို အရင်ဦးစားပေးပြီး ပြန်လည်ပြုပြင်ဖို့နဲ့ အသစ်တည်ဆောက်တာတွေကို အကောင်အထည်ဖော်ကာ လက်တွေ့လုပ်ဆောင်ကြရမှာပါ…။

အိမ်နီးချင်းနိုင်ငံကြီးတွေရဲ့ Geopolitical Infrastructure, Economics Strategy, Science & Technology စတဲ့ Trands တွေကိုလေ့လာပြီး ပြန်လည်တည်ဆောက်ရေးကာလမှာ ထည့်သွင်းစဉ်းစားကာ တစ်ပါတည်း အကောင်အထည်ဖော်သွားကြရင် အနာဂတ်အတွက် ပြင်ဆင်ပြီးသားဖြစ်ပါလိမ့်မယ်…။

Housing & Livelihood Reconstruction: ပျက်စီးသွားတဲ့ လက်ရှိအိမ်ကိုပြန်လည် ပြုပြင်ဖို့နဲ့ ပြင်မရတော့ရင် အသစ်ပြန်ပြီးတည်ဆောက်ပေးဖို့လိုပါတယ်။ ပြည့်အဝ အရင်လိုပုံမှန်ပြန်ဖြစ်ဖို့ကတော့ စီန်ခေါ်မှုတွေများမှာဖြစ်ပြီး၊ လုပ်စရာကိစ္စတွေကလည်း အရမ်းများနေအုံးမှာပါ။

ဥပမာ- နေ့စဉ် စားသောက်ဖို့ ပုံမှန်ဝင်ငွေရအောင်ဖန်တီးရမှာဖြစ်ပြီး၊ ပျက်စီးသွားတဲ့ လယ်၊ ယာ၊ စိုက်ခင်းတွေ၊ လိုအပ်တဲ့ ဆက်စပ်ပစ္စည်းတွေ၊ စီးပွါးရေးလုပ်ငန်းတွေကို ပြန်လည် နလန်ထူနိုင်အောင်လုပ်ဖို့ ငွေးကြေးအထောက်အပံ့တွေ၊ ချေးငွေတွေနဲ့ လုပ်ငန်းသစ်တွေလုပ်ကိုင်နိုင်ဖို့အတွက် အသက်မွေးဝမ်းကြောင်း သင်တန်းပေးတာတွေလုပ်ကြရမှာ ဖြစ်ပါတယ်…။

Psychosocial Support: အရေးအကြီးဆုံးတစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကို ကုစားပေးကြဖို့ဖြစ်ပါတယ်။ အသက်သေမှု၊ မိမိရဲ့တစ်သက်လုံးရှာဖွေလာခဲ့ကြတဲ့ ပစ္စည်းဆုံးရှုံးမှုတွေများတာနဲ့အမျှ စိတ်ဒဏ်ရာတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုယ်စီ ရှိကြမှာအသေအချာပါပဲ။

ဒါ့ကြောင့်တစ်ဦးချင်းစီရဲ့ စိတ်ဓါတ်ကို နိုင်သလောက်နဲ့ စိတ်ပိုင်းဆိုင်ရာ ဖြေသိမ့်မှုတွေ ပေးကြရမှာပါ။ အရှိတရားကို မှန်မှန်ကန်ကန်လက်ခံပြီး ပြန်လည်ကာ အလုပ်လုပ်ချင်စိတ်ပေါ်လာအောင်၊ အကောင်းဆုံးပြန်ပြန်လည် ကြိုးစားချင်စိတ်ပေါက် လာအောင် Counselling, Coaching လုပ်ပြီး ဝိုင်းဝန်းကူညီဖေးမပေးကြရမှာပါ။

ရေရှည်မှာ ဒေသတွင်းနေထိုင်ကြတဲ့ လူမျိုးစုပေါင်းစုံနဲ့ အိမ်နီးချင်း နိုင်ငံကြီးတွေရဲ့ Culture, Philosophy တွေကို နားလည်လက်ခံကာ အတူတကွယှဉ်တွဲ နေထိုင်တတ်အောင် အသိပညာပေးတာတွေလည်း ဆက်စပ်ပြီး လုပ်ပေးသွားကြဖို့ လိုပါမယ်…။

Disaster Risk Reduction: ရေရှည်အနာဂတ်မှာ မုန်တိုင်း၊ ဆိုင်ကလုန်းနဲ့ ရေကြီးမှုသဘာဝဘေးဖြစ်လာပါက ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်ကြဖို့နဲ့ Safety Framework တွေကို စနစ်တကျသဘောပေါက်အောင် လေ့ကျင့်ပေးဖို့အရေးကြီးပါတယ်။ မြောက်ဦး Stone City ရဲ့တည်ဆောက်မှုကို နှလုံးမူပြီး အိမ်တွေနဲ့ အဆောက်အဦးတွေကို ပိုမိုခိုင်ခိုင်မာမာ တည်ဆောက်တတ်အောင်၊ သတိပေးချက်တွေလိုက်နာနိုင်အောင်၊ ဘာပြဿနာ စိန်ခေါ်မှုတွေပဲလာလာ ရင်ဆိုင်ကျော်လွှားနိုင်အောင်၊ သဘာဝနဲ့ သဟဇာတဖြစ်အောင် ယှဉ်တွဲနေထိုင်တတ်အောင် လေ့ကျင့်ပေးကြရမှာပါ…။

ဒါတွေကို သူတို့နေထိုင်ရာ ပထဝီအနေအထားအရ ပညာရေးက စပြီးထည့်သွင်းသင်ကြားပေးဖို့နဲ့ ဒေသရဲ့ ဖြစ်ပေါ်တည်ရှိမှု စတဲ့အနေအထားကိုသိပြီး ဘာတွေလုပ်ရမယ် ဘာတွေမလုပ်ရဘူး ဆိုတာကို လေ့ကျင့်ပေးကြရမှာပါ။ လူဆိုတာ အလေ့အကျင့်ရဲ့ သားကောင်ဖြစ်ပါတယ်။ ဒီဒေသမှာ ရှင်သန်ဖို့ ကြီးပွါးဖို့ အနာဂတ်ကမ္ဘာမြေရဲ့ ဖြစ်ပေါ်တိုးတက်မှု ရှုပ်ထွေးတဲ့စိန်ခေါ်မှုတွေကို ဖြေရှင်းတတ်ဖို့၊ နည်းလမ်းတွေကို သင်ကြားပြသပေးရမှာဖြစ်ပြီး၊ တခြားပိုကောင်းတဲ့ အနာဂတ်အလားအလာတွေကို ခေတ်နဲ့လျှော်ညီအောင်၊ ဆန်းသစ်တဲ့အတွေးအခါ်တွေ များများတွေးခေါ်တတ်အောင် လမ်းဖွင့်ပေးကြရမှာ ဖြစ်ပါတယ်…။

AAR After Action Review: ဒီပြန်လည်ထူထောင်ရေးကာလမှာ လုပ်ခဲ့တဲ့အရာတွေကို စောင့်ကြည့် စစ်ဆေးမယ်၊ သင်ခန်းစာယူမယ်၊ နည်းစနစ်ပြောင်းမယ်၊ ပိုကောင်းအောင် ဆက်လုပ်မယ်ဆိုတဲ့ အတွေးအခေါ်နဲ့ လက်တွေ့ လုပ်ဆောင်မှုတွေရှိဖို့ လိုအပ်ပါတယ်။

အကောင်အထည်ဖော်ဆောင်လုပ်ကိုင်ခဲ့တဲ့ အလုပ်တွေက ဘယ်လောက်အထိ ထိရောက်မှုရှိလဲ၊ ဘာတွေကို လိုတိုးပိုလျှော့လုပ်ဖို့လိုလဲ၊ ဘာကို ဘယ်လို ဘာ့ကြောင့် ပိုကောင်းအောင်လုပ်ကြမလဲ စတဲ့အချက်တွေကို အခြေခံကျကျစဉ်စားပြီး စနစ်တကျ ထိမ်းသိမ်းကာ ရေရှည်တည်တံ့ရေး သဘာဝပတ်ဝန်းကျင် စည်းမျဉ်းစည်းကမ်း ကျင့်ထုံးတွေနဲ့အညီ ဆက်လက်သွားကြဖို့ လိုအပ်ပါတယ်…။

အထက်ပါအချက်တွေအားလုံးဟာ အရေးပေါ်နဲ့ ရေရှည် လိုအပ်ချက်တွေကို အခြေခံကျကျ လွှမ်းခြုံစဉ်းစားချက်မျှသာဖြစ်ပြီး ဒီထက်ကျယ်ပြန့်တဲ့ အသေးစိတ်အချက်အလက်တွေ ထပ်မံပြီးဆန်းသစ်ဖြည့်စွက်မှုတွေလည်း အများကြီးလိုအပ်နေအုံးမှာ အသေအချာပဲ ဖြစ်ပါတယ်…။

ရခိုင်အမျိုးများအားလုံး Phoenix (ဖီးနက်စ်)ငှက်လို အကောင်းဆုံး Version(ပုံစံ)နဲ့ ပြန်လည်ကာ ရှင်သန်နိုးထနိုင်ကြပါစေ…။

NAYZAW TUN

7:07 pm

16 May 2023
No comments:
Post a Comment