ရှေးရိုးစွဲမျိုးချစ်တွေရဲ့ အဓမ္မစီရင်ချက်တွေအကြား ခေတ်ကိုပြင်ဖို့ ကြိုးစားခဲ့သူ
အပိုင်း-၃
ဆူပူကန့်ကွက်ကြခြင်း
ဘိက္ခုနီသာသနောပဒေသကျမ်း မထွက်ပေါ်မီ ကြော်ငြာစာတွေ ထွက်လာချိန်ကတည်းက ဆန့်ကျင် ကန့်ကွက် ဂယက်ထနေကြသူတွေဟာ စာအုပ်ထွက်လာတဲ့အခါ ဘိက္ခုနီ ရဟန်းမသာသနာ ပြန်လည်ဖော်ထုတ်ရေးအတွက် အရှင်အာဒိစ္စဝံသ ပြဆိုထားတဲ့ အကြောင်းအချက်တွေကို ဓမ္မဝိနယကျကျ မငြင်းနိုင်အောင် ဖြစ်သွားကြတယ်။ အဲဒီလို ပြန်လည်းမငြင်းနိုင်၊ အပြစ်လည်းရှာမရတဲ့အခါ စာမျက်နှာ ၂၄ နဲ့ ၂၆ က စကားရပ်တွေကို အပြစ်ကြီးတစ်ခုဖြစ်အောင် ပုံကြီးချဲ့ကာ ဆူပူကန့်ကွက်လာကြပါတော့တယ်။
“ကျွန်ုပ်တို့ ဘုရားရှင်သော်မျှလည်း ကမ္ဘာသားအာလုံးတို့ကို ကျေကျေနပ်နပ် အကျိုးရချည်းဖြစ်အောင် ဆောင်ရွက်တော် မမူနိုင်။ အချို့သူတို့ကား ကဲ့ရဲ့ရှုတ်ချ အဓမ္မ စွဲယူစေ၍ အပါယ်သို့ လားစေခဲ့ရသည်” (စာမျက်နှာ ၂၄)
“ကျွန်ုပ်တို့ကား ယခုလက်ရှိ ဗုဒ္ဓဘာသာ အယူကိုပင် ဧကန်မှန်လှပြီဟု အခိုင်အမြဲ မစွဲနိုင်သေးကုန်၊ ဟုတ်ချင် ဟုတ်မှာပဲဟု နှစ်လုံး ၂-ခွ သံသယနှင့် အယူမှန်ရရန် ရှာဖွေလျက် ဖြစ်ပါကုန်၏။ ထိုထို့ ကမ္ဘာလောကရှိ ဘာသာဝါဒများကိုလည်း ဤနည်း အတိုင်းပင် ကြည့်ရှုစုံစမ်းခဲ့လျက် လက်ရှိဗုဒ္ဓဘာသာ အယူကို မဖျက်နိုင်သေးသ၍သာ ဤအယူ၌ တည်မြဲနေကြရကုန်သေးသည်။ ထို့ကြောင့် ဤအရာ၌ အယူမှန်ကို ညွှန်ပြနိုင်သူများအား ကျွန်ုပ်တို့က တပည့်ခံရန် နောက်လိုက် အခစားဖြစ်ရန် ပြင်ဆင်ပြီး ဖြစ်ပါကုန်၏” (စာမျက်နှာ ၂၆)
သတင်းစာများ
ဒီစကားရပ်တွေကနေတဆင့် မကျေနပ်မှုတွေ တိုးပွားအောင် လုပ်ဆောင်ခဲ့တဲ့အပိုင်းမှာ သတင်းစာတွေက အဓိကလက်နက်တစ်ခုဖြစ်ခဲ့တယ်။ အဲဒီအချိန်က ထုတ်ဝေနေတဲ့ သတင်းစာတွေဖြစ်ကြတဲ့ မြန်မာ့အလင်း၊ သူရိယ၊ မြန်မာ့နေ့စဉ်နဲ့ မောရိယ ဆိုတဲ့ နေ့စဉ်သတင်းစာတွေထဲမှာ အရှင်အာဒိစ္စဝံသဘက်နဲ့ ကန့်ကွက်သူများဘက် နှစ်ဖက်လုံးက ရေးသားချက်တွေကို ထည့်သွင်းပေးတဲ့ သတင်းစာဆိုလို့ မြန်မာ့နေ့စဉ်သတင်းစာ တစ်စောင်သာရှိခဲ့တယ်။ ကျန်သတင်းစာတွေကတော့ အရှင်အာဒိစ္စဝံသဘက်က ရေးသားချက်တွေကို လုံးဝမထည့်ပေးဘဲ ကန့်ကွက်သူများဘက်က ရေးသားချက်များကိုသာ တစ်ဖက်သတ် ထည့်သွင်းပေးခဲ့ကြတယ်။ ဒီအထဲမှာ မြန်မာ့အလင်းသတင်းစာဟာ အဆိုးဆုံးဖြစ်ပါတယ်။
ဆန့်ကျင်ကန့်ကွက်မှုတွေ ပိုမိုကြီးထွားလာအောင် လှုံ့ဆော်ခဲ့သူတွေထဲမှာ အဦးဆုံးနဲ့ အထင်ရှားဆုံးကတော့ မြန်မာ့အလင်းသတင်းစာ အယ်ဒီတာချုပ် ဦးစိန်း ဖြစ်တယ်။ ဦးစိန်းဟာ သူပိုင် သူနိုင်တဲ့ သတင်းစာကနေတဆင့် နေ့စဉ်လိုလို ရဟန်းရှင်လူအပေါင်းဆီကို တိုင်တန်း ပန်ကြားတဲ့ ပုံစံအမျိုးမျိုးနဲ့ လှုံ့ဆော်မှုတွေ ပြုလုပ်ကာ ဒီအရေးကိစ္စ ပိုမိုကြီးထွားလာမယ့် လမ်းကြောင်းကို ဖွင့်လှစ်လိုက်ပါတယ်။
ဦးစိန်းဟာ သူ့နယ်ပယ်ဖြစ်တဲ့ သတင်းစာကို ကောင်းကောင်းအသုံးချပြီး ဝါဒမှိုင်းတိုက် လှုံ့ဆော်ရေးကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့တယ်။ ဒါ့ကြောင့်လည်း ဘာသာရေး လူမှုရေးနယ်ပယ်က ရဟန်းရှင်လူတွေ အမြင်မရှုပ်ထွေးစေဖို့ အရှင်အာဒိစ္စဝံသဘက်က ရှင်းလင်းဖော်ပြချက်တွေကို ဦးစိန်းဆီ ၃-ကြိမ် တိုင်တိုင်ပို့ပေးခဲ့ပါတယ်။ သတင်းစာထဲမှာ ထည့်ပြီး ဖော်ပြပေးဖို့လည်း တောင်းဆိုခဲ့တယ်။ “သို့ရာတွင် အယ်ဒီတာကြီးမှာ အတ္တကြီးစွာ သူ၏ ကလောင်ရေးကိုသာ အမျိုးမျိုးဝင့်၍ ပြနေသော်လည်း အရှင်အာဒိစ္စဝံသ၏ ကလောင်ကိုမူ မှောင်ချ ရိုက်ချိုးလေသည်။ ရှင်းလင်း တင်ပြချက် မှန်သမျှ စိုးစဉ်းငယ် ယောင်၍ပင် မကြားပေါက် မထွက်ပေါ်စေခဲ့ပေ။ အရှင်အာဒိစ္စဝံသ၏ စေတနာ သဘောထား လုပ်ရပ် ရည်သန်ချက်တို့ကို မည်သူ မည်ဝါမျှ သိရှိ လေ့လာခွင့် မရခဲ့ကြပေ။ ထို့ကြောင့် ဦးစိန်း၏ တဖက်သတ် လှုံ့ဆော်ရေးသည်သာ လှုပ်ရှားအသက်ဝင်လျက် ဝိုးဝိုးဝါးဝါး နားယောင်စ ပြုလာကြသည်။” ဆိုပြီး ဒီလို သတင်းစာတွေပေါ်ကနေ ပုံဖျက် ရေးသားခဲ့ကြပုံကို မေမြို့မိုးကြည်က သူ့ရဲ့ မြန်မာစာပေတိုက်ပွဲများ စာအုပ်ထဲမှာ ထည့်သွင်းရေးသားထားပါတယ်။
အရှင်အာဒိစ္စကို ချေမှုန်းရေး လူထုအစည်းအဝေးကြီး
သတင်းစာတွေကနေ ဖော်ပြခွင့်မရတဲ့အခါမှာ အရှင်အာဒိစ္စဝံသဟာ သူ့ရဲ့ ဖြေရှင်းလွှာတွေကို တိုက်ရိုက် အလွတ်စာရွက်ပေါ်မှာ ရိုက်ပြီး ဝေငှ ဖြန့်ဖြူးခဲ့ရတယ်။ ဒါပေမယ့် ဦးစိန်းရဲ့ ဝါဒမှိုင်း လှုံ့ဆော်မှုတွေက အတော်လေး ခရီးရောက်နေပြီး ပြဿနာက ပိုမို ကြီးထွားလာရာကနေ အထွဋ်အထိပ်ပိုင်းကို ရောက်လာခဲ့တော့တယ်။ ထိုက်သင့် ထိုက်တန်တဲ့ ပြစ်ဒဏ်ကြီး ခတ်ပြီး နှိပ်ကွပ်ရန် လှုံ့ဆော်တဲ့ ဦးစိန်းရဲ့ အုံကြွရေး အစီအစဉ်ဟာ အောင်မြင်ခဲ့တယ်လို့ ဆိုရပါမယ်။ သူ ခင်းလိုက်တဲ့လမ်းအတိုင်းပဲ သာသနာရေး ဘာသာရေး အဝိုင်းအဝန်း တစ်ခုလုံးဟာ တုန်လှုပ်ချောက်ချားလာပြီး ဆူပူရေးလုပ်ငန်းကြီး စတင်လာပါတော့တယ်။ သတင်းစာပေါ် စာရေး လှုံ့ဆော်တဲ့အဆင့်ကနေ လူစုစည်းဝေးတိုင်ပင်တဲ့အဆင့်ကို ရောက်လာတဲ့အခါ အဂ္ဂမဟာပဏ္ဍိတ ဦးလင်း ဦးဆောင်တဲ့ လူပြန်တော်ဆရာတစ်စုဟာ အရှင်အာဒိစ္စဝံသကို ချေမှုန်းဖို့၊ လူထုအစည်းအဝေးကြီးတစ်ခုကို ဖော်ဆောင်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းကြပါတော့တယ်။ ဒီလိုနဲ့ မြန်မာပြည်အရပ်ရပ်က ဘာသာရေးအသင်းအဖွဲ့တွေလည်း ဆန့်ကျင်ကန့်ကွက်ကြတဲ့အထဲ စတင်ပါဝင်လာကြပါတယ်။ ပထမဦးဆုံး ကန့်ကွက်တဲ့အသင်းတွေကတော့ ရန်ကုန်မြို့ သာသနောပကာရအသင်းနဲ့ သာသနဝုဍ္ဎိကအသင်းတို့ ဖြစ်ကြတယ်။
ဒီလိုအခြေအနေမှာ (ကိစ္စသေးသေးလေးကနေ အကျည်းတန် အရုပ်ဆိုးတဲ့ အခြေအနေတွေ မဖြစ်လာအောင်) ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တချို့က ကြားဝင်ဖျန်ဖြေဖို့ ကြိုးစားခဲ့ကြပေမယ့် အရာမရောက်ခဲ့ပါဘူး။
တစ်နိုင်ငံလုံးပြန့်သွားတဲ့ ပြဿနာကြီးတစ်ရပ် ဖြစ်လာအောင် လူတွေ မခံမရပ်နိုင်ဖြစ်ရတဲ့ စာမျက်နှာ ၂၆ ပါ စကားရပ်ရဲ့ ဆိုလိုရင်းကို ဆရာကြီး ဦးအေးမောင် (စာပေဗိမာန်) က ဗုဒ္ဓအမြင် လူသားစွမ်းအင် ဆိုတဲ့ စာအုပ်မှာ ဒီလို ထည့်သွင်းဖော်ပြထားပါတယ်။ ““ကျွန်ုပ်သည် ဗုဒ္ဓဝါဒနှင့် အခြားအယူဝါဒများကို လေ့လာခဲ့ရာ ဗုဒ္ဓဝါဒလောက် ကျွန်ုပ်အား နှစ်သိမ့်ကျေနပ်စေသော ဝါဒကို မတွေ့ရသေးပါ။ ဗုဒ္ဓဝါဒထက်ပို၍ ကျွန်ုပ်အား ကျေနပ်မှုပေးနိုင်သော ဘာသာဝါဒကို တွေ့ရပါက ဗုဒ္ဓဝါဒကို စွန့်လွှတ်ရန် အသင့်ရှိပါသည်” ဟူသော စကားဖြစ်၏။ အမှန်မှာ ဤစကားသည် ဗုဒ္ဓဝါဒကို ချီးကျူးသော စကားဖြစ်၏။ သူသည် မိဘများက ဗုဒ္ဓဝါဒီဖြစ်သောကြောင့် ဗုဒ္ဓဝါဒကို လက်ခံခြင်းမဟုတ်၊ ဗုဒ္ဓဝါဒကို ဝေဖန်စစ်ဆေး၍ အထူးနှစ်သက်သောကြောင့် လက်ခံခြင်းဖြစ်သည်ဟု ဆိုလို၏။ သို့ရာတွင် လူများသည် ဤသို့ နားမလည်ကြဘဲ သူ၏စကားမှာ ဗုဒ္ဓဘာသာကို စော်ကားသော စကားဖြစ်သည်ဟု ထင်မှတ်ကြလေသည်။”
ဒီနေရာမှာ စဉ်းစားမိတာတစ်ခုက ဗားကရာ၊ သာဓု၊ ဘုရားဖြူ ဆရာတော် အပါအဝင် ဆရာတော်တွေ၊ ဆရာကြီး ဦးလင်းတို့ လူပြန်တော်အုပ်စု၊ မြန်မာ့အလင်းဦးစိန်း၊ ဒီးဒုတ်ဦးဘချို စတဲ့ မျိုးချစ်နိုင်ငံရေးသမားတွေ.. ဒီလူတွေဟာ စာမျက်နှာ ၂၄ နဲ့ ၂၆ ပါ စကားရပ်ကို နားမလည်နိုင်လောက်အောင် ညံ့ကြတဲ့သူတွေ မဟုတ်လောက်ဘူးလို့ ထင်ပါတယ်။ တကယ်တော့ အဲဒီစကားရပ်တွေက ရိုးရိုးလေးပါ၊ ဘုရားရှင်ရဲ့ ဝိဘဇ္ဇဝါဒ သဘောတွေ ထုံမွှမ်းနေတဲ့ ဒီစကားရပ်ကို အနက်မပြန်နိုင်လောက်တဲ့သူတွေလည်း မဟုတ်လောက်ပါဘူး။ အရှင်အာဒိစ္စဝံသကို ပျက်စီးချေမှုန်းချင်လို့သာ ရည်ရွယ်ချက်ရှိရှိ အကွက်ဆင်သွားကြတယ် ဆိုတာကို အဲဒီအချိန်ကတည်းက ကာယကံရှင်ဖြစ်တဲ့ အရှင်အာဒိစ္စဝံသ အပါအဝင် ဆရာတော် သံဃာတော် တချို့ကလည်း သဘောပေါက်ထားကြပါတယ်။
“အင်္ဂလိပ်စာ စတဲ့ ဘာသာစကား သင်ကြားရေး” ဘာသန္တရအရေးတော်ပုံတုန်းကတောင် ဘုရားဖြူ ဆရာတော် ဦးရာဇိန္ဒ တစ်ပါးပဲ အသံကျယ်ကျယ်လောင်လောင် ထွက်ခဲ့ပေမယ့် ဒီဘိက္ခုနီအရေးတော်ပုံမှာတော့ ရဟန်းယောက်ျားကြီးတွေ လူယောက်ျားကြီးတွေ အုပ်စုလိုက် ညီညီညွတ်ညွတ်နဲ့ ဆန့်ကျင်ထိုးနှက်ကြတာကို ကြည့်ရင် ဒါဟာ အရှင်အာဒိစ္စဝံသကို ပုဂ္ဂိုလ်ရေး မနာလိုတာ မုန်းတီးတာ တစ်ခုတည်းကြောင့် မဟုတ်ဘူးလို့လည်း ယူဆမိပါတယ်။ အမျိုးသမီးတွေ သီလရှင်တွေ… ရဟန်းမ ပြုပြီး ဘိက္ခုနီသံဃာ ပြန်လည် ပေါ်ပေါက်လာမှာကို မလိုလားတဲ့ မမြင်ချင်တဲ့ မဖြစ်ပေါ်စေချင်တဲ့ဆန္ဒကလည်း အဲဒီမဟာပုရိသ ယောက်ျားအုပ်စုကြီးထဲမှာ အကြီးအကျယ်ကို ရှိနေမယ်လို့လည်း ယူဆပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀-ကျော်ကာလ ဘာသာရေး နိုင်ငံရေး စတဲ့ ကဏ္ဍအသီးအသီးမှာ အမျိုးသားတွေကပဲ ကြီးစိုးနေလေတော့ အဲ့ဒီအချိန် အရှင်အာဒိစ္စဝံသရဲ့ ကြွေးကြော်သံက ရှေးရိုးစွဲမဟာဖိုဝါဒီတွေအတွက်တော့ အတော်ခံရခက်ခဲ့ပုံရပါတယ်။
ရွှေကျင်သာသနာပိုင် ဆရာတော်ကြီး၏ မှတ်ချက်
ဒီနေရာမှာ ဒသမရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော်ကြီးရဲ့ မှတ်ချက်ကိုလည်း ဖော်ပြချင်ပါတယ်။ အရှင်ဉာဏိကရေးတဲ့ ဆရာတော်အရှင်သေဋ္ဌိလ၏ ဘဝဖြစ်စဉ် စာအုပ် စာမျက်နှာ (၃၊၄) မှာ “ဤစာရေးသူတို့ ငယ်ရွယ်စဉ် ပရိယတ္တိ ပိဋကစာပေများ၌ မျက်လုံးဖွင့်ခါစအချိန်၌ ရန်ကုန်မြို့ အရှင်အာဒိစ္စဝံသကျောင်းတိုက်မှ ဆရာတော် အရှင်အာဒိစ္စဝံသ၏ ဘိက္ခုနီအရေးတော်ပုံ အကြောင်းအရာ အထွေထွေကို ကြားရ၊ စာအုပ်ဖတ်ရှုရသောအခါ တစ်နိုင်ငံလုံးလိုလို ရှင်ရဟန်း အများစုက ဆန့်ကျင်ပြီး ကန့်ကွက်နေသည့် အချိန်တွင် စာရေးသူတို့၏ ကျေးဇူးရှင် မြောင်းမြ ဆရာတော်ဘုရားကြီးက -- “ဒီပုဂ္ဂိုလ်ဟာ ညံ့တဲ့လူမဟုတ်ဘူး၊ အတွေးအခေါ် အယူအဆတွေ လေးနက်သလောက် အရေးအသားလဲ သေသပ်တိကျလှတယ်၊ အများပြောတိုင်း မမြင်ကြ၊ မထင်ကြနဲ့။ သူ့ ဆိုလိုချက်တွေဟာ မဖြစ်နိုင်တာ မဟုတ်ဘူး”ဟု မိန့်တော်မူသည်။ “ဘိက္ခုနီသာသနောပဒေသ” ဟူသော စာအုပ်ကို ရည်ညွှန်း၍ မိန့်တော်မူချက် ဖြစ်သည်။” လို့ ဖော်ပြထားပါတယ်။
ပကာသနီယကံပြုကြခြင်း
၁၉၃၅ ဩဂုတ်လ ကြည့်မြင်တိုင် ဥယျာဉ်တိုက် ဇေယျာဝံသကျောင်းမှာ ကျင်းပတဲ့ ရဟန်းနဲ့လူ ပူးတွဲအစည်းအဝေးကနေ ဇောတနာရာမ ဆရာတော် ဦးတေဇောသာရ၊ ဗားကရာ ဆရာတော် ဦးပဒုမ၊ ဘုရားဖြူ ဆရာတော် ဦးရာဇိန္ဒတို့ ပါဝင်တဲ့ ဆရာတော်အပါး ၂၀နဲ့ ဦးလင်းတို့ လူပုဂ္ဂိုလ် ၁၁-ယောက် ပူးပေါင်းလက်မှတ်ထိုးပြီး အရှင်အာဒိစ္စဝံသကို ပကာသနီယကံ (သာသနာတော်မှဖယ်ကျဉ်ကြောင်းကံ) ပြုထိုက်ကြောင်း ဆုံးဖြတ်ချက် အပြီးသတ်ချလိုက်ကြတယ်။ တည်နေရာအနေနဲ့ ဂျူဗလီဟောမှာ အစည်းအဝေးကြီး ကျင်းပဖို့ကိုပါ တစ်ခါထဲ ရွေးချယ်လိုက်ကြပါတယ်။
ဒီလိုတစ်ဖက်သတ် မတရားလုပ်ဆောင်နေကြတဲ့အပေါ်မှာ အရှင်အာဒိစ္စဝံသကို ထောက်ခံကြတဲ့ ရဟန်းသံဃာတွေနဲ့ လူဒကာတွေဘက်ကလည်း မခံမရပ်ဖြစ်လာကြတယ်။ ဒါကြောင့်ပဲ ပြန်လည်ဖြေရှင်းမယ့် လူထုအစည်းအဝေးပွဲကြီး လုပ်ဆောင်ဖို့ အကုန်ကျခံကာ ကမ္မကထပြုလုပ်လိုကြောင်း ဒကာတွေက ဆရာတော် အရှင်အာဒိစ္စဝံသကို လျှောက်တင်ကြပေမယ့် ဆရာတော်က လုံးဝလက်မခံခဲ့ပါဘူး။ ရန်မီးမပွားခြင်း လမ်းစဉ်ကိုပဲ လက်ကိုင်ထားဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
အရှင်အာဒိစ္စဝံသက သူ့ကို ထောက်ခံကြတဲ့ ရဟန်းရှင်လူအပေါင်းကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ရန်တုံ့မပြန်ကြဖို့ လမ်းညွှန်ခဲ့ပေမယ့် တစ်ဖက်အုပ်စုကတော့ အရှင်အာဒိစ္စဝံသကို အလုံးစုံ နှိမ်နင်း ဖယ်ကျဉ်ရေးအတွက် အရှိန်မြှင့်ပြီး အစွမ်းကုန် လုပ်ဆောင်ခဲ့ကြပါတယ်။ ဆရာတော် ၁၈-ပါးနဲ့ လူဒကာ ၂၃-ယောက်တို့ ပူးပေါင်းစုဖွဲ့ကာ ပြည်လုံးကျွတ် ဗုဒ္ဓဘာသာရေး အစည်းအဝေးပွဲ ဖိတ်စာများ ရိုက်နှိပ်ပြီး တစ်ပြည်လုံးကို ဖြန့်ဝေလိုက်ပါတော့တယ်။ ဒါကြောင့်ပဲ ၁၉၃၅-ခုနှစ် စက်တင်ဘာလ ၈-ရက် တနင်္ဂနွေနေ့ ၁၂-နာရီအချိန် ရန်ကုန်မြို့ ဂျူဗလီဟောမှာ ရဟန်းရှင်လူ ပရိသတ် ၅၀၀၀ တက်ရောက်တဲ့ အစည်းအဝေးပွဲကြီးကို ကျင်းပခဲ့ကြတယ်။ အဲဒီနေ့မှာပဲ အရှင်အာဒိစ္စဝံသကို သံဃာတော်တွေဘက်က ပကာသနီယကံ ဆိုတဲ့ သာသနာတော်မှ ဖယ်ကျဉ်ကြောင်းကံ ပြုဖို့ တစ်ဖက်သတ် စီရင်ချက်ချ ဆုံးဖြတ်ပြီး ကံဆောင်ခဲ့ကြတယ်။ ဒါ့အပြင် လူဒကာတွေဘက်ကလည်း အပ္ပသာဒပဝေဒန လို့ခေါ်တဲ့ မကြည်ညိုကြောင်း ကြေညာခြင်းကို ပြုလုပ်ခဲ့ကြတယ်။
အဲဒီတုန်းက ဂျူဗလီဟော အစည်းအဝေးပွဲကြီးကို ကိုယ်တိုင် သွားရောက်ခဲ့ပြီး အဖြစ်အပျက်တွေကို မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ ဆရာကြီး ဦးအေးမောင် (စာပေဗိမာန်)က ဆရာတော် အရှင်အာဒိစ္စဝံသနဲ့ ပတ်သက်ပြီး သူ့ရဲ့စာအုပ်မှာ ဒီလို ထည့်သွင်းရေးသားခဲ့ပါတယ်။ “ထိုအခါက ကျွန်ုပ်သည် ဆရာတော်အား လူသိရှင်ကြား ကဲ့ရဲ့ရှုတ်ချရန် ကျင်းပသော အစည်းအဝေးသို့ သွားရောက် အကဲခတ်ပြီးနောက် သူ၏ကျောင်းတိုက်သို့ သွား၍ သူနှင့် တွေ့ဆုံဆွေးနွေး၏။ ဆရာတော်သည် သူ့အား ပုတ်ခတ်ပြောဆိုသော သူများကြောင့် စိတ်လှုပ်ရှားသည့်လက္ခဏာ စိုးစိမျှ မပြဘဲ တည်ငြိမ်အေးဆေးသော အမူအရာနှင့် သူ့ယုံကြည်ချက်ကို ရှင်းပြလေသည်။ ဤသို့ မိမိနှင့် ဝါဒမတူသောသူတို့၏ ကဲ့ရဲ့ရှုတ်ချမှုကို ခံနိုင်ရည်ရှိခြင်းသည် ပညာရှိတို့၏ လက္ခဏာတစ်ရပ် ဖြစ်၏။”
သခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချို၊ ဂဠုန်စောတို့ ပါဝင်ကြ
တကယ်တော့ ဆန့်ကျင် ကန့်ကွက်တဲ့သူတွေထဲမှာ ဘိက္ခုနီသာသနောပဒေသကျမ်းထဲ ဘာပါမှန်းမသိတဲ့သူက အများစုဖြစ်တယ်လို့လည်း သုံးသပ်တဲ့သူတွေက ဆိုကြတယ်။ အဲဒီအစည်းအဝေးပွဲအကြောင်း စာလိုက်ဖတ်ရင်း သခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချိုနဲ့ ဂဠုန်ဦးစောတို့ကို ဂျူဗလီဟောမှာ တစ်အုပ်စုထဲ တွေ့လိုက်ရတော့ စိတ်ဝင်စားသွားတယ်။ ဒီးဒုတ် ဦးဘချိုက ဒီပကာသနီယကံပြုပွဲ အစည်းအဝေးကြီးမှာ လူဒကာတွေဘက်က အကျိုးဆောင်အဖြစ် ဆောင်ရွက်သူဖြစ်ပြီး ဂဠုန်ဦးစောကတော့ ဘိက္ခုနီသာသနောပဒေသကျမ်းကို မီးရှို့ပစ်ရန် .. အဆိုကို တင်သွင်းတဲ့သူအဖြစ် ပါဝင်နေပါတယ်။
ဒီပွဲကြီးမှာ ဂဠုန်ဦးစောကို တွေ့လိုက်ရတဲ့အခါ ဦးစောအကြောင်း ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့တဲ့ကိုယ်က နည်းနည်းသိချင်လာတာနဲ့ အင်တာနက်မှာ ရှာကြည့်လိုက်တော့ ဒီပကာသနီယကံပြုပွဲကြီး ပြုလုပ်ချိန်ကာလဟာ ဦးစောတစ်ယောက် ဂဠုန်စစ်သူကြီးဘွဲ့ကို ခံယူဖို့ စိုင်းပြင်းနေတဲ့အချိန် ဖြစ်နေတယ်။ ဒါပြီးလို့ သိပ်မကြာခင် ၁၉၃၈ မှာ မျိုးချစ်ပါတီကို ဖွဲ့စည်းခဲ့တယ်။ ၁၉၄၀ နန်းရင်းဝန် (ဝန်ကြီးချုပ်) ဖြစ်လာတဲ့အခါမှာ ဦးစောဟာ မြန်မာအမျိုးသမီးများကို စောင့်ရှောက်ရန်အတွက် “ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများ ထိမ်းမြားလက်ထပ်ခြင်းဥပဒေ” ကို ပြဋ္ဌာန်းခဲ့တယ်ဆိုတာ တွေ့ရတယ်။ ဦးစောဟာ ဘိက္ခုနီသာသနောပဒေသကျမ်း စာအုပ်ကိုသာ မီးရှို့ပစ်ချင်ခဲ့တာမဟုတ်ဘူး၊ မြန်မာအမျိုးသမီးတွေကိုပါ စောင့်ရှောက်ချင်ခဲ့တာပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်သူကြီး ဂဠုန်ဦးစောရဲ့ အကွက်ရွှေ့တာလေးတွေကိုတော့ နည်းနည်းမြင်ခွင့်ရလိုက်တယ်။ တစ်ချိန်မှာ လုပ်ကြံသတ်ဖြတ်ခံရမယ့်သူ (ဒီးဒုတ်ဦးဘချို)နဲ့ လုပ်ကြံသတ်ဖြတ်မယ့်သူ (ဂဠုန်ဦးစော)တို့ဟာ ဒီပွဲကြီးမှာတော့ စာအုပ်ထဲက စကားရပ် ၂-ခုကို အကြောင်းပြုပြီး ဆရာတော်တစ်ပါးကို သာသနာတော်တွင်းကနေ သတ်ဖို့ စိတ်တူကိုယ်တူ ပူးပေါင်းထောက်ခံခဲ့ကြပါတယ်။
ဘိက္ခုနီအရေးတော်ပုံကျမ်းကို မီးရှို့ဖျက်ဆီးကြခြင်း
“ဆရာဝ က ဘိက္ခုနီသာသနောပဒေသကျမ်း စာအုပ်သည် သာသနာတော်ပျက်စီးမှု ဆုတ်ယုတ်မှုများကြောင့် မီးရှို့ထိုက်ကြောင်း၊ ဘယ်က စမှားလဲဆို၊ သည်စာအုပ်ဟာ အမည်က စ မှားတယ်လို့ ပြောချင်ပါတယ်၊ သာသနာ့ဆူးငြောင့် ဘေးရန်အသွယ်သွယ် ပေါများသည့်အတွက် ဤစာအုပ်ကို သာသနာတော်မှ ပယ်ရန် အဆိုသွင်းကြောင်း၊ ဂဠုန်ဦးစော က… အရေးကြီးတဲ့ ဘာသာရေး သာသနာရေး ကိစ္စကြီးတွင် ထောက်ခံပါဟု တောင်းပန်သဖြင့် လာရောက် ထောက်ခံရပါတယ်၊ အခြားကိစ္စ ထူးထူးထွေထွေ မပြောတတ်သော်လည်း မီးရှို့ဖို့ဖက်ကတော့ ပြောတတ်ပါလိမ့်မယ်၊ မီးရှို့ဖို့ရာမှာ အခြားသူတွေက မီးရှို့ဖို့မထိုက်၊ ကျမ်းစာရေးသူကိုယ်တိုင်ပင် မီးရှို့ပစ်ဖို့ ကောင်းကြောင်း၊ စာအုပ်ထဲတွင် ဘာဘာညာညာ မမြင်ရပေမဲ့ သည်စာအုပ်ကြောင့် ဆရာတော်ကြီးများနှင့်တကွ မြို့ရော တောပါ ဒုက္ခရောက်နေတာ ထောက်သဖြင့် မီးရှို့ပစ်ရန် အထူးကောင်းကြောင်း၊ သည်စာအုပ်မှာ နမော တဿ တောင် မပါလာဘူး၊ ဘာဖြစ်လို့ မပါသလဲ ဆိုတာ ကျွန်တော် မပြောလိုဘူး၊ မပါတာလောက်သာ ပြောနိုင်ပါတယ်၊ သည်စာအုပ်ဟာ ရှုပ်တဲ့ စာအုပ် ရယ်လို့ ကာယကံရှင် ကိုယ်တိုင် မီးရှို့ဖို့ ကောင်းကြောင်း၊.. ဆရာဆိုင် ဆရာတုတ်တို့ကလည်း ထောက်ခံကြောင်း၊” ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။ (ဘိက္ခုနီအရေးတော်ပုံကျမ်း စာမျက်နှာ ၁၇၂၊ ၁၇၃)
နောက်ဆုံးပိတ်အနေနဲ့ ဆရာဘီရဲ့ ဘိက္ခုနီသာသနောပဒေသကျမ်း လို့ မခေါ်ဘဲ တယ်ကြက်နီသာသနောပဒေသလို့ ခေါ်ဖို့ကောင်းကြောင်း ပြောဆိုထောက်ခံအပြီး ညနေ ၅-နာရီ ၄၀ အရောက်မှာတော့ ဘိက္ခုနီသာသနောပဒေသကျမ်း စာအုပ်ကို မီးရှို့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။
အမျိုးကောင်းသားကြီးတွေ မီးရှို့ဖျက်ဆီးပစ်ခဲ့တဲ့ အဲဒီစာအုပ်က ခေတ်အဆက်ဆက် မိတ္တူပွားပေးခဲ့ကြတဲ့ သူတွေရဲ့ ကျေးဇူးကြောင့် အခုချိန်ထိ ဝယ်ယူဖတ်ရှုလို့ ရနိုင်သလို အင်တာနက်ပေါ်ကနေလည်း အခမဲ့ လွယ်လွယ်ကူကူ ဖတ်ရှုလို့ ရနေပါတယ်။

No comments:
Post a Comment