ရှေးရိုးစွဲမျိုးချစ်တွေရဲ့ အဓမ္မစီရင်ချက်တွေအကြား ခေတ်ကိုပြင်ဖို့ ကြိုးစားခဲ့သူ
အပိုင်း-၄
ဘိက္ခုနီအရေးတော်ပုံကျမ်း
နောက်ဆက်တွဲ ဒုတိယတစ်အုပ်အဖြစ် ဆရာတော် အရှင်အာဒိစ္စဝံသက ကရောင်း ၈-ချိုး စာမျက်နှာ ၄၅၀-ကျော်ပါတဲ့ ဘိက္ခုနီအရေးတော်ပုံကျမ်း စာအုပ်ထူကြီးကို ၁၉၃၅-ခုနှစ် အောက်တိုဘာ ၂၅-ရက်နေ့မှာ ရေးသားပြီးစီးခဲ့တယ်။ အရေးတော်ပုံဖြစ်စဉ်အစ သတင်းစာထဲ လှုံ့ဆော်တာတွေကနေစပြီး စည်းရုံးစည်းဝေးကြတာတွေ အလယ်၊ ဂျူဗလီဟော ပကာသနီယကံပြုပွဲကြီး အဆုံး.. ထိုးနှက်တိုက်ခိုက်ခဲ့ကြတာတွေ အားလုံးကို အချိန် နေ့ရက် နေရာအလိုက် မှတ်တမ်းတင်ထားကာ တစ်ချက်ခြင်းစီ ရှင်းလင်း ချေပပြီး ပယ်ပယ်နယ်နယ် ပြန်လည် ထိုးနှက် ရေးသားထားခဲ့ပါတယ်။ အရှင်အာဒိစ္စဝံသရဲ့ မှတ်တမ်းတင်စွမ်းရည်က အလွန်အားကောင်းသလို စာရေးနိုင်စွမ်းကလည်း လက်ဖျားခါရလောက်အောင် ကောင်းလွန်းလှပါတယ်။
ဒီအရေးတော်ပုံကျမ်း စာအုပ်ထဲမှာ အရှင်အာဒိစ္စဝံသက ရဟန်းရှင်လူတို့ မခံမရပ်နိုင်ဖြစ်ကာ ဆန့်ကျင်တိုက်ခိုက်ခဲ့ကြတဲ့ ဘိက္ခုနီသာသနောပဒေသ စာမျက်နှာ ၂၄၊ ၂၆ ပါ စကားရပ်များရဲ့ ဆိုလိုရင်းများကိုလည်း ထည့်သွင်း ရှင်းပြထားခဲ့ပါတယ်။
“ဘုရားရှင်သည် လောကသူတို့ အကျိုးကို ဆောင်ရန် ဖြစ်ပွင့်ခဲ့သည် ဧကန်မှန်၏။ သို့ပင်ဖြစ်စေကာ သတ္တဝါအားလုံးကို အကျိုးရချည်း မဖြစ်စေနိုင်ခဲ့။ အချို့ကို မိမိညွှန်ပြချက် တရားအတိုင်း မလိုက်နာကြ၊ ကဲ့ရဲ့ရှုတ်ချကြ၊ အဓမ္မစွဲယူကြသဖြင့် အပါယ်လေးပါးတို့ ကျရောက်သည်ကိုပင် လျစ်လျူရှုတော်မူ၏” (စာမျက်နှာ-၂၄)
“ယခုလက်ရှိအယူကိုပင် မှန်လှပြီ ဟု အခိုင်မစွဲနိုင်သေး။ လက်မဲ့ အယူတပါးကိုမူ ဆိုရာပင်မရှိ။ သို့လော-သို့လော တွေးတောယုံမှားရှိ၍ အယူမှန်ဖြစ်ရန် ပိဋက ကြည့်ရှုခြင်း၊ သမထ ဝိပဿနာရှုခြင်းဖြင့် ခိုင်မြဲဖို့ ပြုလုပ်ကုန်၏။ ခရစ္စယာန်စသည် ထိုထိုအယူများကို စုံစမ်းကြည့်ရှုသင်ကြားခဲ့သော်လည်း မိမိယူမြဲ ဗုဒ္ဓအယူကို မဖျက်နိုင်၊ သာ၍ပင် ခိုင်မြဲတည်နေ၏။ သို့ဖြစ်၍ ကျွန်ုပ် အမှန်ဆုံး စွဲယူထားသည့် ဤကျမ်းဆိုင်ရာ ဘာသာဝါဒဆိုင်ရာများ၌ ဝါဒမှန် အယူမှန် ညွှန်ပြနိုင်သူများအတွက် တပည့် အစေခံဖြစ်ရန် ဝန်ခံပါသည်” (စာမျက်နှာ-၂၆)
နောက်ပိုင်းကာလ အချိန်တစ်ခုရောက်တဲ့အခါမှာတော့ အဲဒီပွဲကြီးမှာ ပါဝင် ပတ်သက်ခဲ့ကြတဲ့သူတွေထဲက နောင်တရပြီး လာရောက်တောင်းပန် ဝန်ခံကြတာတွေလည်း ရှိခဲ့တယ်လို့ ဆရာတော်ရဲ့အတ္ထုပ္ပတ္တိစာအုပ်ထဲမှာ ဖော်ပြထားတယ်။ ပကာသနီယကံပြုပွဲမှာ လူဒကာများဘက်က အစည်းအဝေးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပေးခဲ့ရသူ ဆရာကြီး သခင်ကိုယ်တော်မှိုင်း အပြင် “အရှင်အာဒိစ္စဝံသနှင့် ပကာသနီယကံ” အကြောင်း လေးချိုး ရေးဖွဲ့ခဲ့သူ အရှင်တေဇောသာရ (ဒဂုန်ဦးထွန်းမြင့်) တို့က သူတို့ရဲ့အမှားကို ဝန်ချတောင်းပန်ခဲ့ကြပါတယ်။ အရှင်တေဇောသာရ (ဒဂုန်ဦးထွန်းမြင့်)ရဲ့ လေးချိုးဆိုရင် မြန်မာ့အလင်း နေ့စဉ်သတင်းစာထဲမှာ ဖော်ပြပါရှိခဲ့တဲ့အပြင် ဂျူဗလီဟောက ကံပြုပွဲမှာလည်း ဖြန့်ဝေသလို မြန်မာတစ်ပြည်လုံးကိုလည်း ပလူပျံအောင် ဖြန့်ဝေခဲ့တဲ့ လေးချိုးတစ်ပုဒ် ဖြစ်ခဲ့တယ်လို့ ဆရာကြီးပါရဂူ ရေးတဲ့ မန္တလေးဆောင်းပါးမှာ ထည့်သွင်းဖော်ပြထားပါတယ််။
ဘိက္ခုနီဖိုးဘီးယားလေလော
ဘိက္ခုနီသာသနောပဒေသနဲ့ ဘိက္ခုနီအရေးတော်ပုံကျမ်း စာအုပ် ၂-အုပ်စလုံးဟာ ဒီနေ့အချိန်ထိ ခေတ်အဆက်ဆက် အပိတ်ခံထားခဲ့ရတဲ့ စာအုပ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်သတ် အဓမ္မ စီရင်ချက် ချခံခဲ့ရတဲ့ ဒီအကျည်းတန် အဖြစ်အပျက်ကြီး မြန်မာ့ဗုဒ္ဓဘာသာသမိုင်းကနေ အဖျောက်မခံရစေဖို့ မျိုးဆက်တစ်ခုကနေတစ်ခု ဒီကနေ့အချိန်ထိ လက်ဆင့်ကမ်း မှတ်တမ်းပြုခဲ့ကြပါတယ်။ တစ်ဆက်တည်းမှာပဲ ဒီနေ့ခေတ် အနောက်တိုင်းဆရာတွေ ပြောပြောနေကြတဲ့ မြန်မာသံဃာအများစုရဲ့ ဘိက္ခုနီဖိုးဘီးယား (Bhikkhuniphobia) ဟာ အဲ့ဒီအချိန်ကာလကတည်းက စနေခဲ့ပြီဆိုတာကိုလည်း သတိပြုလိုက်မိပါတယ်။
အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် ငြင်းပယ်ခြင်း
စာအုပ်ကျမ်းများစွာ ရေးသားပြုစုခဲ့တဲ့ အရှင်အာဒိစ္စဝံသကို မိလိန္ဒပဉှာပါဠိတော် နိဿယကျမ်း ရေးပြီးချိန် ၁၉၁၅ ရဟန်း ၁၄-ဝါ ရချိန်မှာတစ်ခါ၊ ၁၉၃၁ ရဟန်းဝါ ၃၀ ရချိန်မှာတစ်ခါ အဂ္ဂမဟာပဏ္ဍိဘွဲ့ ဆက်ကပ်ရန် ခွင့်ပန်ခဲ့ကြပေမယ့် ဆရာတော်က ငြင်းပယ်ခဲ့ပါတယ်။ အရှင်အာဒိစ္စဝံသဟာ အများအကြိုက် ခေတ်အကြိုက်မလိုက်ခဲ့ဘဲ သူ့လမ်း သူဖောက်ကာ သူလျှောက်ချင်တဲ့ပုံစံအတိုင်း လျှောက်ခဲ့တယ်လို့ ယူဆပါတယ်။ ခေတ်ရေစီးကြောင်းအတိုင်း မျောမလိုက်ဘဲ ခေတ်ကို ပိုကောင်းအောင် ကြိုးစားခဲ့တဲ့ တော်လှန်ရေးသမားကြီးအဖြစ်လည်း မြင်ခဲ့ရတယ်။ အသက်အန္တရာယ်ပြုဖို့ ကြိုးစားကြသူတွေသာမက ရဟန်းဘဝကို သတ်ကြမယ့်သူတွေနဲ့ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပေမယ့် ဆရာတော်ဟာ သူ့ရဲ့ရပ်တည်ချက်၊ ခံယူချက်တွေကို မစွန့်လွှတ်ခဲ့ပါဘူး။ အရှင်အာဒိစ္စဝံသကျောင်းတိုက်မှာ ပုံမှန်အတိုင်း စာသင် စာချရင်း ကျမ်းစာအုပ်များကို ဆက်လက်ရေးသားခဲ့ပါတယ်။
ဦးအောင်မြတ်ထွတ်ဘဝ ခံယူခြင်း
ဒုတိယကမ္ဘာစစ်မီး ရန်ကုန်မြို့ကို ကူးစက်လာပြီးနောက်ပိုင်း စစ်ရဲ့ဒဏ်ကို ခံနေရချိန်မှာတောင်မှ တက်တက်ကြွကြွနဲ့ သာသနာရေးလုပ်ငန်းများ လုပ်ဆောင်နေခဲ့တဲ့ ဆရာတော်ဟာ သူယုံကြည်ရတဲ့ တပည့်ရင်းကြီးတစ်ပါးက သူ့လုပ်ဆောင်ချက်တွေကို ကဖျက်ယဖျက် လုပ်လာတာ ကြုံတွေ့ရတဲ့အခါမှာ တော်တော်လေး အံ့ဩစိတ်ပျက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီ့နောက်ပိုင်း ရဟန်းလောက ရဟန်းဘဝအပေါ် ယုံကြည်မှုသဒ္ဓါတရား လျှော့ကျသွားတယ်လို့ ယူဆရပါတယ်။ ဒီလို စိတ်ပျက်အားလျှော့သွားချိန်၊ ဇရာရဲ့ဖိစီးမှုတွေ စပြီး ခံလာရချိန်၊ ဂျပန်ခေတ်ပျက်ကာလ၊ ပတ်ဝန်းကျင်ရဲ့ အခြေအနေ ဒီလိုအကြောင်းပေါင်း စုံသွားချိန်မှာတော့ သက်တော် ၆၀-အရွယ် ၁၉၄၂-ခုနှစ် စက်တင်ဘာလ ၉-ရက်နေ့မှာပဲ ရဟန်းဘဝဇာတ်သိမ်းပြီး လူဝတ်လဲကာ ဦးအောင်မြတ်ထွတ် အဖြစ်ကို ခံယူလိုက်ပါတယ်။ အဲဒီဂျပန်ခေတ်ကာလ ရဟန်းဘဝစွန့်ပြီး ဦးအောင်မြတ်ထွတ်ဘဝ ရောက်လာချိန်ကနေစပြီး အသက် ၇၀ အရွယ် ကွယ်လွန်ချိန်အထိ မြန်မာနိုင်ငံစာရေးဆရာအသင်းကြီးက အသင်း၏ နာယကအဖြစ် ဆရာကြီးအား တင်မြှောက်ခဲ့ပါတယ်။
ရဟန်းဘဝစွန့်ပြီးနောက်မှာတော့ ဆရာကြီးကို လုပ်ကျွေး ပြုစု စောင့်ရှောက်လိုတဲ့ ဒေါ်ငွေတင့်နဲ့ အိမ်ထောင်ပြုကာ ကျောက်မြောင်းရပ်ကွက်က ဒေါ်ငွေတင့်ရဲ့အိမ်မှာ နေထိုင်ရင်း စာပေပို့ချခြင်းနဲ့ ကျမ်းစာရေးသားခြင်းတို့ကိုသာ ကွယ်လွန်ချိန်အထိ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ရဟန်းတော်များနဲ့ လူပုဂ္ဂိုလ်များကို နေအိမ်ကနေပြီး အရင်တုန်းကအတိုင်း နိကာယ်များ ပို့ချမြဲ ပို့ချပေးခဲ့ပါတယ်။
ကြီးကျယ်သော စျာပနအခမ်းအနား
ရဟန်းဘဝစွန့်ပြီး ၉-နှစ်အကြာ ၁၉၅၁-ခုနှစ် ဩဂုတ်လ ၂၁-ရက်နေ့မှာ ရန်ကုန် ကျောက်မြောင်းရပ် နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။ အရှင်အာဒိစ္စဝံသကျောင်းတိုက်မှာ ကျင်းပတဲ့ ဆရာကြီးရဲ့ ဈာပနကို လိုက်ပါပို့ဆောင်ကြတဲ့ သံဃာတော်ပေါင်း ၃၀၀၀-ကျော်ရှိပြီး လူပုဂ္ဂိုလ် ပရိသတ် ၂၀၀၀-ကျော်ရှိကြောင်း အဲဒီအချိန်က သတင်းစာတွေမှာ ဖော်ပြကြပါတယ်။ တာမွေသုသာန်မှာ မီးသင်္ဂြိုဟ်နေတဲ့ အချိန်ထိအောင် ပရိသတ်အုပ်ကြီးဟာ ကျောက်မြောင်းဈေးရှေ့မှာ မကုန်နိုင်သေးဘဲ မုတ်သုံရာသီ မိုးထဲလေထဲကနေ နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
တပည့်တွေပြောတဲ့ သူ့အကြောင်း
သာသနာတော်ကို ထိပါးစော်ကားသူအဖြစ် အရှင်အာဒိစ္စဝံသကို စွပ်စွဲပုံဖျက်ခဲ့ကြတဲ့ ဝါဒမှိုင်းက တစ်ပြည်လုံးကို ပျံ့နှံ့ခဲ့တယ်။ ရဟန်းရှင်လူအများရဲ့ အထင်အမြင်မှားခြင်းကိုလည်း ခံခဲ့ရတယ်။ ဒီလို တိုင်းပြည်က ဆရာကြီးအကြောင်း အမှန်အတိုင်း မသိရှိကြခြင်းအပေါ် တပည့်တွေဘက်ကတော့ မချိတင်ကဲဖြစ်ခဲ့ရတယ်လို့ ဆိုကြတယ်။
“ဆရာကြီးကို အဝေးနေ လူရှင်ရဟန်းအများစုက ကြမ်းကြုတ်သည်ဟု ထင်မှားနေကြ၏။ အနီးနေကျွန်တော်တို့တွေ၊ မိတ်ဆွေတွေ၊ လူဝတ်ကြောင်တပည့်တွေက ဆရာကြီးသည် အလွန်နူးညံ့သော ပုဂ္ဂိုလ်ကြီးဖြစ်ကြောင်း သဘောထား အကွဲအပြားမရှိ ယုံကြည်ကြပါသည်။ တစ်ခုတော့ ရှိသည်။ ဆရာကြီးသည် “ထန်းပင်ပေါ်ကသူ” သို့မဟုတ် “ရွှေအိမ်ဘုံမြင့်၊ခုနစ်ဆင့်” နေလူများနှင့်ဆုံရာတွင် မျက်နှာလို မျက်နှာရမလုပ်၊ အအုပ်အမိုး အစိုးတရ ခြယ်လှယ်မှုကို မခံတတ်၊ ကြွပ်ဆတ်လှသည်။”
“ဆရာကြီးကား နေပူသည်ကိုလည်း မမှု၊ မိုးရွာသည်ကိုလည်း မမှု၊ ထီးကိုလည်း ဆောင်းလေ့မရှိ။ ဖိနပ်လည်း စီးချင်မှ စီးသည်။ နေပူလျှင် နေက အသရေပေးနေသည်ဟု ဆိုသည်။ မိုးပက်လျှင် မိုးက အအေးဓာတ်ပေးနေသည်ဟု ဆရာကြီး ပြောလေ့ရှိ၏။” ဆိုပြီး တပည့်ရင်းဖြစ်သူ အရှင်ဉာဏိဿရက “ဆန်းထွန်း (မန်းတက္ကသိုလ်) သူ့ဘဝသူ့အကြောင်း တစေ့တစောင်း” စာအုပ်မှာ ထည့်ရေးခဲ့ပါတယ်။
ပြဿနာမှသည် ဘဝမှတ်တိုင်သို့
အရှင်အာဒိစ္စဝံသအကြောင်း လေ့လာဖတ်ရှုပြီးတဲ့အခါမှာ သဘောကျရတဲ့အချက်တစ်ခုက ဆရာတော်ဟာ သူ့ဘဝမှာ ကြုံတွေ့ခဲ့တဲ့ ပြဿနာကြီးတွေ အားလုံးကို စာအုပ်အဖြစ် ဖန်တီးနိုင်ခဲ့တာပါပဲ။ တချို့လူတွေဟာ ပြဿနာအကြီးကြီးတွေ ဖြစ်တဲ့အခါ အဲ့ဒီပြဿနာကြီးထဲမှာ လုံးထွေးသွားတတ်ကြတယ်၊ နစ်မြုပ်သွားတတ်ကြတယ်။ တချို့ကျတော့ ကိုယ့်ရဲ့ပြဿနာတွေအပေါ်မှာ ရှက်ကြတယ်။ ဖုံးကွယ်ထားချင်ကြတယ်။
အရှင်အာဒိစ္စဝံသကတော့ အဲ့ဒီလိုမဟုတ်ခဲ့ဘူး။ သူကြုံခဲ့ရတဲ့ ပြဿနာတွေကို ကကြီး ကနေ အ အထိ သေချာမှတ်တမ်းတင်တယ်၊ ပြန်သုံးသပ်တယ်၊ တစ်ချက်ချင်းစီ ဖြေရှင်းရေးသားတယ်။ ပြီးတော့ တစ်လုံးမကျန် အားလုံးကို လူသိရှင်ကြား ထုတ်ဝေဖြန့်ချီတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတင်မကဘူး စိတ်လုံခြုံမှု တော်တော်အားကြီးတဲ့သူလို့ မြင်မိတယ်။ ကျောင်းဒကာ ဆာဘိုးသာနဲ့ ဖြစ်ခဲ့တဲ့ပြဿနာ ဆိုရင်လည်း “ပထမကျော်အရေးတော်ပုံ” ဆိုပြီး ဖြစ်စဉ်အစအဆုံးကို စာအုပ်တစ်အုပ် ရေးပြီး ထုတ်ဝေ ဖြန့်ချီလိုက်တယ်။ ဘုရားဖြူဆရာတော်နဲ့ အင်္ဂလိပ်စာသင်တဲ့ကိစ္စ ပြဿနာတွေ ဖြစ်ကြတော့ “ဘာသန္တရလမ်းညွှန်” စာအုပ် ပေါ်လာပြန်ပါတယ်။ ပကာသနီယကံပြုပွဲလို ဧရာမပြဿနာကြီဲးတွေ ဖြစ်တော့ စာအုပ်အထူကြီးကိုပါ ရေးထုတ်လာတယ်။
ပြဿနာကြီးတွေဖြစ်ရင် တချို့တွေက စိတ်ညစ် စိတ်ရှုပ်နေတတ်ကြတယ်၊ စိတ်ဓာတ်ကျနေတတ်ကြတယ်။ အရှင်အာဒိစ္စကတော့ အဲ့ဒီလိုမဟုတ်ခဲ့ဘူး၊ ပြဿနာဖြစ်စဉ်တွေကို အသေအချာ မှတ်တမ်းပြုနေပြီး ရက်ပိုင်းအတွင်းမှာကို ဘိက္ခုနီအရေးတော်ပုံကျမ်းလို စာအုပ်အထူကြီး ထွက်လာအောင် စာတွေ တောက်လျှောက်ရေးနိုင်ခဲ့တယ်။ ပြဿနာတွေအပေါ် ကိုင်တွယ်သွားပုံက တကယ့်ကို အတုယူစရာကောင်းတယ်။ အဲဒီတော့ သူ့အတွက် အဲ့ဒီပြဿနာတွေက ပြဿနာအနေနဲ့ပဲ ဖြစ်သွားတာမဟုတ်ပဲ မှတ်တိုင်တွေပါဖြစ်သွားတယ်။ သူ့ဘဝရဲ့ မှတ်တိုင်တွေ သူကျော်ဖြတ်ခဲ့ရတဲ့ မှတ်တိုင်တွေအနေနဲ့ သမိုင်းမှတ်တမ်းမှာ ကျန်ရစ်သွားတယ်။ နောင်မျိုးဆက်တွေအထိ သူ့ပြဿနာတွေကို လေ့လာလို့ရသွားတယ်။ ဆရာတော်ဟာ တော်တော်ဉာဏ်ကောင်းခဲ့တာပဲလို့ တွေးမိတယ်။
နောက်တစ်ချက်က အင်မတန် စိတ်ပြတ်သားတဲ့သူအဖြစ် မြင်ရတယ်။ မိဘတွေ ဆုံးပါးသွားတော့ တစ်ဦးတည်းသောသားဖြစ်တဲ့ အရှင်အာဒိစ္စဟာ ရရှိခဲ့တဲ့ အမွေပစ္စည်းအားလုံးကို စွန့်ကျဲပေးကမ်းပြီး ပိုင်ဆိုင်မှုဆိုတာတွေကို တစ်ခါတည်း ကျောခိုင်းခဲ့တယ်။ ကျောင်းတိုက်တည်ထောင်ပြီး အင်မတန် အောင်မြင်နေတဲ့အချိန်မှာ ဘာသာစကားတွေ လေ့လာသင်ယူချင်စိတ်ပေါ်လာတော့ တစ်ခါတည်း မြန်မာပြည်ကို ကျောခိုင်းထွက်သွားတာ ၁၀-နှစ်ကြာတယ်။ နောက်ဆုံး အသက် ၆၀-ကျော်အရွယ် ရဟန်းလောကနဲ့ ရဟန်းဘဝကို ယုံကြည်မှု သဒ္ဓါတရားလျော့ကျသွားလို့ လူထွက်တော့လည်း အားလုံးကို စွန့်ပြီး ကျောင်းတိုက်ကို ကျောခိုင်းထွက်သွားတာ နောက်ဆုံးအချိန်ထိ တစ်ခါကလေးမှ ပြန်လှည့်မကြည့်ခဲ့ဘူး။ သူ့ဘဝမှာ သူလုပ်ချင်တာတွေကို စိတ်ရှင်းရှင်းနဲ့ ပြတ်ပြတ်သားသား လုပ်ခဲ့တဲ့သူတစ်ယောက်လို့ မြင်ရတယ်။
ဆန္ဒစောလွန်းခဲ့သူလား
“ဆရာတော်ဟာ ခေတ်ရှေ့ပြေးပြီး ခေတ်ကို ပြင်ရာမှာ အပြင်ကြမ်း ဆန္ဒစောလွန်းသွားလို့ ခေတ်ဒဏ်ကို ခံခဲ့ရတယ်ထင်ပါတယ်” ဆိုပြီး လူမှုကွန်ရက် စာမျက်နှာတစ်ခုမှာ ရေးထားတဲ့ ရဟန်းတော်တစ်ပါးရဲ့ မှတ်ချက်ကို ဖတ်လိုက်ရတော့ နည်းနည်းစဉ်းစားချင်စရာ ဖြစ်လာပါတယ်။ “ခေတ်ရှေ့ပြေးပြီး ဆန္ဒစောလွန်းသွားတယ်” ဆိုတော့ တကယ်လို့များ ဆရာတော်သာ နှစ်တစ်ရာ နောက်ကျပြီးမှ ၁၈၈၂-ခုနှစ်မှာမဟုတ်ပဲ ၁၉၈၂-ခုနှစ်မှာ မွေးလာပြီး ဒီဘက်ခေတ်ကျမှ အဲဒီ “ဘိက္ခုနီသာသနောပဒေသကျမ်း”ကို ရေးမယ်ဆိုရင်ရော ရနိုင်မယ်လို့ ထင်ပါသလား။ အဲဒီတုန်းက ဗြိတိသျှကိုလိုနီခေတ် ဖြစ်နေလို့သာ အဲဒီရဟန်းရှင်လူအုပ်စုကြီးရဲ့ ပကာသနီယကံဆောင်တာကိုပဲ ရင်ဆိုင်လိုက်ရတာပါ။ ဒီဘက်ခေတ်လို စစ်အာဏာရှင်တွေ အုပ်ချုပ်တဲ့ခေတ်မှာ ဆိုရင်ရော ဘယ်လိုတွေများ ရင်ဆိုင်ရမယ်လို့ ထင်ကြပါသလဲ။ အဲဒီတုန်းက မရေးဖြစ်ဘဲ အခုခေတ်ကျမှသာ ရေးမယ်ဆိုရင် စာအုပ်အဖြစ်တောင် ထွက်လာဖို့ ရှိနိုင်ပါ့မလား။ တကယ်တော့ ဆရာတော် အဲဒီတုန်းက ရေးဖြစ်ခဲ့တာ တော်သေးတယ်လို့ ဆိုရမလိုပါပဲ။ ဒီအဖြစ်အပျက်ကနေ နောက်ခံခေတ် ၂-ခုရဲ့ နိုင်ငံရေးအခြေအနေတွေပါ မြင်လိုက်ရတယ်။
ဒီကိစ္စက ခေတ်ရှေ့ပြေးတာ၊ ဆန္ဒစောတာ၊ အပြင်ကြမ်းတာနဲ့ မဆိုင်ဘူးလို့ ထင်တယ်။ ဘုရားရှင်လည်း ခေတ်ကို ပြင်ခဲ့တာပဲ။ အပြင်လည်း ကြမ်းခဲ့တာပဲ။ ဒါတောင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်တုန်းက လုပ်ခဲ့တာ။ အိမ်တွင်းပုန်း အမျိုးသမီးတွေဘဝ၊ ရိုးရာဓလေ့ထုံးစံတွေ အားကောင်းခဲ့တဲ့ အဲဒီခေတ်ကြီးမှာတောင်မှ အဲဒီလူမှုအဖွဲ့အစည်းနဲ့ လိုက်လျောညီထွေပြုရင်း ခေတ်ပြောင်းတော်လှန်ရေးတွေ လုပ်ခဲ့တာပါပဲ။ မြတ်စွာဘုရားရှင်လို၊ အရှင်အာနန္ဒာတို့လို မေတ္တာကြီးတဲ့သူတွေ ဦးဆောင်နေတဲ့အချိန်၊ စေတနာကြီးတဲ့သူတွေ လုပ်ပိုင်ခွင့်ရနေတဲ့ကာလ၊ ကိုယ်ချင်းစာစိတ်ကြီးတဲ့သူတွေ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ရှိနေတာကြောင့် အဲဒီတုန်းက ခေတ်ကို ပြင်လို့ ရခဲ့ကြတယ်။
နိဂုံး
မြန်မာပြည်ရဲ့သာသနာမှာ အရှင်အာဒိစ္စဝံသ ပြုပြင်ချင်ခဲ့တဲ့ ထင်ရှားတဲ့ အချက် ၅-ခုကိုပဲ ပြန်ကြည့်ကြရအောင်။ ပြုပြင်ချင်ခဲ့တဲ့ အချက် ၅-ခုမှာ ၄-ခုကို ပြုပြင်နိုင်ခဲ့တယ်။ အရှင်အာဒိစ္စဝံသ အဲဒီကြွေးကြော်သံတွေ စခဲ့တဲ့ အချိန်ကနေ ဒီနေ့ခေတ်အချိန်ထိ နှစ်ပေါင်း ၁၀၀-ဝန်းကျင် ကာလကို ပြန်လှည့်ကြည့်ကြမယ်ဆိုရင် မြန်မာပြည်ရဲ့သာသနာနဲ့ သံဃာ့လောကမှာ အပြောင်းအလဲတွေ အများကြီးဖြစ်ခဲ့တယ်။
ရဟန်းတော်တွေဟာ ခေတ်ကို ပြင်တဲ့အခါမှာ သူတို့ပြင်ချင်တာကိုပဲ ပြင်ပြီး သူတို့ မပြင်ချင်တာတွေကို မပြင်ခဲ့ပါဘူး။ သူတို့ ဖျက်ပစ်ချင်တဲ့ အစဉ်အလာတွေကို ရဲရဲကြီး ဖျက်ပစ်ခဲ့ကြပြီး သူတို့ ထိန်းသိမ်းချင်တာတွေကိုတော့ မြဲမြဲကြီး ထိန်းထားခဲ့ကြတယ်။
အင်္ဂလိပ်စာလို ဘာသာစကားသင်တာကို အစဉ်အလာတစ်ခုအဖြစ် ခေတ်က လက်ခံလာအောင် ပြင်ဆင်ဖန်တီးနိုင်ခဲ့ကြတယ်။ ဒါပေမယ့် အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အစဉ်အလာတွေ၊ ဓလေ့ထုံးစံတွေကျတော့ “ဒါက ပြင်လို့ မရဘူး၊ ဒါက ထိန်းသိမ်းရမယ့်အရာတွေ” လို့ ပြောကြပြန်ပါတယ်။ ဥပမာ အမျိုးသမီးမတက်ရ၊ အမျိုးသမီးမဝင်ရ စတဲ့ ဆိုင်းဘုတ်ရှိတဲ့ နေရာမျိုးတွေလိုပေါ့။ ဘိက္ခုနီ ရဟန်းမသာသနာလိုမျိုး အရင်က ရှိနှင့်ပြီးသား အစဉ်အလာကို ပြန်လည်အသက်သွင်းဖို့ ပြန်လည်ဖော်ထုတ်ဖို့ လုပ်ကြပြန်တော့ ဝိနည်းအရ လုပ်လို့ မရဘူးလို့ ဆိုကြပြန်ပါတယ်။
ဘုရားရှင်က ရဟန်းတွေ ရွှေငွေကို မကိုင်တွယ်ရ၊ ရွှေငွေကို အလှူမခံရ ဆိုတဲ့ ဝိနည်းကို အတိအလင်း တားမြစ်ထားတာကိုကျတော့ ခေတ်ရဲ့လိုအပ်ချက်အရဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အဲ့ဒီဝိနည်းတွေကို ပြောင်ပြောင်တင်းတင်း တစ်နိုင်ငံလုံးနီးပါး မကျင့်သုံးကြတော့ဘဲ ဒီဘိက္ခုနီကိစ္စကျတော့မှပဲ ဝိနည်းစာအုပ် ပြန်လှန်ပြီးပြောနေတာက တကယ့် ဆင်ခြေကြီးတစ်ခုပဲလို့ မြင်လာတယ်။ ထေရဝါဒနိုင်ငံမို့လို့ ခွင့်မပြုတာလို့ ဆိုပြန်ရင် သီရိလင်္ကာ၊ ထိုင်းတို့ကျတော့ရောလို့ ပြန်မေးရမလိုတောင် ဖြစ်နေပါပြီ။ သီရိလင်္ကာနိုင်ငံဆိုရင် ဘိက္ခုနီ ရဟန်းမသာသနာကို အစိုးရကပါ တရားဝင် အသိအမှတ်ပြုလိုက်ကြပါပြီ။
တကယ်လို့များ အရှင်အာဒိစ္စဝံသ သာ အချိန်ခရီးသွား (Time Traveler) အနေနဲ့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကနေ ဒီနေ့ခေတ်ကို ဘွားခနဲကူးလာပြီး ကြည့်ခွင့်ရခဲ့မယ်ဆိုရင် တော်တော်လေးကို အံ့ဩမှင်သက် ဖြစ်သွားမှာ သေချာတယ်။ သူ့ခေတ်မှာတုန်းက အင်္ဂလိပ်စာသင်လို့ မိစ္ဆာဒိဋ္ဌိ အားပေးဆိုပြီး စွပ်စွဲကြသူတွေ၊ ချောင်းရိုက်ဖို့ စီစဉ်ကြတဲ့သူတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်မဟုတ်လား။ အဲဒီလိုအခြေအနေကနေ အခုတော့ ဆရာတော်တွေဦးစီးတဲ့ ဘာသန္တရကောလိပ်တွေ မှိုလိုပေါက်နေတာ..၊ ရဟန်းတော်တွေ အင်္ဂလိပ်စာသင်တာ မြန်မာပြည်နဲ့ အသားကျနေတာ…၊ ဒါပေမယ့် သူ့ခေတ်မှာတုန်းက ပြန်လည်ဖော်ထုတ်ဖို့ ကြွေးကြော်ခဲ့တဲ့ ဘိက္ခုနီသာသနာကတော့ မပေါ်လာသေးရုံတင်မက သူ့ခေတ်မှာတုန်းကလို သတင်းစာထဲ အကြိမ်ကြိမ် ရေးသားခွင့်ရဖို့ နေနေသာသာ “ဘိက္ခုနီ”ဆိုတဲ့ စကားလုံးကိုတောင် ဘာမှန်းမသိတော့တဲ့တိုင်းပြည် ဖြစ်သွားပြီဆိုတာကို အရှင်အာဒိစ္စဝံသ တွေ့လိုက်ရရင်… မြင်လိုက်ရရင်… ဘာများ ပြောလေမလဲဆိုတာကို သိချင်နေမိပါတော့တယ်။ (ကေတုမာလာ)

No comments:
Post a Comment