ကေပစီတီ-ကို တစ်စုံတစ်ယောက်ရဲ့ တစ်စုံတစ်ရာပြုလုပ်နိုင်ဖို့ လိုအပ်တဲ့ အရည်အသွေးလို့ အဘိဓာန်မှာ ဖွင့်ဆိုပါတယ်။ တကယ်တော့ လူတစ်ယောက်ရဲ့ ဘဝရပ်တည်မှု၊ လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်နိုင်မှုတို့နဲ့ စပ်လျဉ်းပြီး Capacity ရှိတယ်၊ မရှိဘူးပြောတဲ့ အခါမှာတော့ အဓိပ္ပာယ်က အများကြီး ကျယ်ဝန်းပါတယ်။ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အတွက် အသိပညာ၊ အတတ်ပညာ ကျွမ်းကျင်ပြည့်စုံမှု၊ တခြားသော လူမှုရေးဆိုင်ရာ ကိုယ်ရည်ကိုယ်သွေးများ ပြည့်ဝပြည့်စုံမှု၊ ကိုယ်ကျင့်တရား ကောင်းမွန်မှု၊ မိမိတာဝန်ကို ရိုသေလေးစားမှု စတာတွေ ပြည့်စုံမှ Capacity ရှိတယ်လို့ ပြောလို့ရမယ် ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ အခက်အခဲ အကျပ်အတည်းတွေ တစ်ခုပြီးတစ်ခု ဆင့်ကဲဆင့်ကဲ ကြုံတွေ့နေကြရခြင်းဟာ တခြားအကြောင်းရင်းခံများနဲ့အတူ Capacity ပြဿနာကလည်း အဓိကကျတဲ့ကိစ္စ ဖြစ်တယ်ဆိုတာ အလေးဂရုပြုကြဖို့ အလွန်လိုအပ်ပါတယ်။
တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းကြီးဟာ တဖြည်းဖြည်း အီလည်လည် ဖြစ်လာသလို ခံစားလာကြရပါတယ်။ အပြောင်းအလဲဟာ နှေးကွေးနေပြီ၊ ရပ်တန့်နေပြီ စသဖြင့် ဝေဖန်ပြောဆိုသံတွေကလည်း ညံလာပါတယ်။
အစိုးရအဖွဲ့မှာ အားနည်းချက်တွေ အများကြီးရှိတယ်၊ လွှတ်တော်တွေ စွမ်းရည် မပြည့်ဝဘူး၊ ဝန်ထမ်းတွေကလည်း ပြည်သူ့ဝန်ထမ်းတွေလို မကျင့်ကြံကြဘူး၊ နိုင်ငံရေးပါတီတွေကလည်း အရည်အသွေးပြည့်မီရေး တော်တော်ကြီးလုပ်ဖို့ လိုသေးတယ်၊ လူထုကလည်း နိုင်ငံရေး အသိအမြင်တွေ အခုထက် ပြည့်ဝဖို့၊ စည်းကမ်းကောင်းဖို့ အများကြီး လိုသေးတယ်၊ တရားရေးမဏ္ဍိုင်က ယိမ်းယိုင်နေတယ်၊ မီဒီယာလောကကလည်း အဆင့်မမီဘူး စသဖြင့် ကဏ္ဍစုံဟာ ဝေဖန်မှု ခံနေရပါတယ်။ သေသေချာချာ စဉ်းစားကြည့်ရင် မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေဟာ နှစ်ပေါင်းများစွာ အာဏာရှင် ခေတ်ဆိုးကြီးတွေကို ဖြတ်သန်းကြုံတွေ့ခဲ့ရလို့ လူ့အဖွဲ့အစည်းရော လူတစ်ယောက်ချင်းပါ လူစဉ်မီနိုင်ရေး အရေးပါလှတဲ့ Capacity ဟာ လုံးပါးပါးခဲ့ရပြီး အခုအခါမှာ အနိမ့်ဆုံး အနေအထားကို ရောက်နေခဲ့ရတာ ဖြစ်ပါတယ်။
နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးမှာ စွမ်းဆောင်ရည်တွေ ကျဆင်းနေရတာ၊ တိုးတက်မှု မရှိနိုင်တာဟာ Capacity ပြဿနာ ဖြစ်ပါတယ်။ ပညာ၊ အသိတရားနဲ့ ကျင့်ဝတ်တွေ မြင့်မားပြည့်စုံလာဖို့ အားလုံးက ဝိုင်းဝန်းအားထုတ်ခြင်း မရှိရင်တော့ နိုင်ငံတော်သစ် တည်ဆောက်ရေး လုပ်ငန်းဟာ ဘယ်အစိုးရပဲ တက်တက်၊ အခြေခံဥပဒေကို ပြင်ရုံမက အသစ်ပဲပြန်ရေးရေး၊ ဘယ်နိုင်ငံတကာ အကူအညီတွေ ရင်းနှီးမြှုပ်နှံမှုတွေပဲ အလုံးအရင်းနဲ့လာလာ ဘယ်လိုမှ အနာဂတ်က လှပလာဖို့ မရှိပါဘူး။ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြစ်တင်နေ လက်ညှိုးထိုးနေ လွှဲချနေလို့လည်း Capacity မြင့်မလာရင် တိုင်းပြည်ရဲ့ ပြဿနာတွေက ပြေလည်ဖို့ မရှိပါဘူး။
တစ်ဖက်နဲ့တစ်ဖက်၊ တစ်ဦးနဲ့တစ်ဦး ဝေဖန်ထောက်ပြဖို့ ကြိုးစားကြရင်းနဲ့ နောက်တစ်ခါ တိုင်းပြည်ကို တိုးတက်ကောင်းမွန်ဖို့ ထူထောင်ရတာ မထိရောက်သလို ခံစားရတော့ ဟိုလူ့အပြစ်လိုလို ဒီလူ့အပြစ်လိုလိုနဲ့ အားမလိုအားမရ ဖြစ်လာကြရာက အချင်းချင်း ခပ်ကြမ်းကြမ်း ပြောဆို တိုက်ခိုက်မိလာကြတာ သတိထားမိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဗြဟ္မစိုရ်တရား ထွန်းကားတယ်လို့ ပြောနေကြရင်းနဲ့ပဲ လောကပါလတရားတွေ အားနည်းနေတယ်ဆိုတာ မညှာတာစတမ်း စဉ်းစားရင် အထင်းသား မြင်နိုင်ပါတယ်။
တစ်ဦးပေါ်တစ်ဦး ရန်လိုစိတ်တွေ၊ အမုန်းတရားတွေထားတာ လျှော့ကြဖို့ ချစ်ခင်စည်းလုံးကြဖို့ လိုအပ်နေပါသေးတယ်။ တစ်ဖက်က စဉ်းစားပြန်တော့လည်း အားလုံးစိတ်ထဲမှာ တစ်ဖက်နဲ့တစ်ဖက် ဒီလောက်ကြီး အငြိုးအတေး ရှိကြလို့ ဆိုတာထက် နှေးကွေးနေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကြီး အောင်မြင်စေလိုတဲ့ စိတ်ဆန္ဒတွေ များနေကြတာသာ ဖြစ်ပြီး တကယ်တမ်းက စည်းလုံးညီညွတ်လိုတဲ့ လက်တွဲဆောင်ရွက်လိုတဲ့ အခြေခံရှိပြီးသား ဖြစ်ပါတယ်။ တိုင်းပြည်မှာ အဓိက လိုအပ်နေတဲ့ Trust ကို မတည်ဆောက်နိုင်ကြခြင်းကလည်း Capacity လိုအပ်နေတာကြောင့် တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
ဒီမိုကရေစီ ခိုင်မာဖို့ မဖြစ်မနေ အရေးကြီးလှတဲ့ Institution တွေ ခိုင်မာတောင့်တင်းအောင် တည်ဆောက်နိုင်ဖို့ ဆိုရင်လည်း Capacity ကို ထိထိရောက်ရောက် မြှင့်တင်နိုင်မှသာ ဖြစ်နိုင်မယ် ဖြစ်ပါတယ်။ Capacity တောင့်တင်းတဲ့ Institution တွေသာ အဆင့်မီနိုင် ခိုင်မာနိုင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အတောင့်တင်း အခိုင်မာဆုံး Institution ဆိုလို့ တပ်မတော်ပဲ ရှိတယ်လို့လည်း ပြောဆိုနေကြတာတွေ ရှိပါတယ်။ သေသေချာချာ လေ့လာကြည့်ရင် နှစ်ပေါင်းများစွာ တိုင်းပြည်က အဘက်ဘက် ယိုယွင်းဆုတ်ယုတ်နေစဉ် ကာလတွေမှာ တပ်မတော်အနေနဲ့ သူ့ရဲ့ Capacity ကို တည်ဆောက်ခွင့် တောက်လျှောက်ရခဲ့တယ် ဆိုတာ တွေ့နိုင်ပါတယ်။
တခြားသော Institution တွေ အပါအဝင် လူထုအနေနဲ့ Capacity မြှင့်တင်ဖြည့်ဆည်းတဲ့ အလုပ်ကို အားသွန်ခွန်စိုက် လုပ်နိုင်မှသာ ဒီမိုကရေစီလည်း ပီပြင်လာမှာ ဖြစ်သလို တပ်မတော် အနေနဲ့လည်း နိုင်ငံရေးနယ်ပယ်ကနေ ထွက်ခွာဖို့ ဖြစ်နိုင်မှာ ဖြစ်ပါတယ်။
တပ်မတော်အနေနဲ့ အခုထက်ပိုပြီး Capacity ပြည့်ဝအောင် တည်ဆောက်ပြီး လူထုက ချစ်ခင်လေးစား တန်ဖိုးထား အားကိုးတဲ့ Institution အဖြစ် တည်ဆောက်နိုင်အောင် ကျန်တဲ့ အင်အားစုများနဲ့ လူထုကပါ ဝိုင်းဝန်းတည်ဆောက်နိုင်ကြဖို့ အခြေအနေများ ဖန်တီးကြရမှာ ဖြစ်ပါတယ်။
Capacity မြှင့်တင်ရေးအတွက် ထိထိရောက်ရောက် လုပ်ဆောင်နိုင်စွမ်းလည်း မရှိသေးပါဘူး။ အစိုးရအဖွဲ့ အတွင်းမှာရှိတဲ့ ပုဂ္ဂိုလ်များရဲ့ Capacity မြင့်လာမှ အုပ်ချုပ်ရေးကဏ္ဍ တိုးတက်ကောင်းမွန်လာမှာ ဖြစ်သလို လွှတ်တော်အမတ်များရဲ့ Capacity မြင့်မားလာမှလည်း ဥပဒေကောင်းများ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီများရဲ့ Capacity မမြင့်လာဘဲနဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး စတဲ့ လုပ်ငန်းတွေ ကောင်းလာဖို့ မရှိသလို လူထုရဲ့ အရည်အသွေး ဖြစ်တဲ့ နိုင်ငံရေးအသိ မြင့်မားဖို့၊ ပညာတတ်တွေ ဖြစ်ဖို့၊ CSR (Corporate Social Responsibility) လို့ခေါ်တဲ့ လူ့အဖွဲ့အစည်းရဲ့ တာဝန်တွေကို မျှဝေ ထမ်းဆောင်ရေးဆိုတဲ့ သဘောတရားကို လက်တွေ့ ကျင့်ကြံကြတာတွေ မြင့်မားမလာဘဲနဲ့လည်း ဒီမိုကရေစီ အပြည့်အဝ ရခဲ့ရင်တောင်မှ တိုးတက်တဲ့ သာယာဝပြောတဲ့ လူ့ဘောင်တစ်ခု ထူထောင်နိုင်ဖို့ မျှော်လင့်လို့ မရနိုင်ပါဘူး။
Capacity မြင့်လာဖို့ဆိုတာက နိုင်ငံရေးကိုပဲ ငြင်းနေခုံနေကြလို့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ပညာရေးကိုလည်း အဆင့်မီအောင် လုပ်နိုင်ရပါမယ်။ စီးပွားရေးကိုလည်း အားသွန်ခွန်စိုက် ထူထောင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးကိုလည်း တည်တည်ငြိမ်ငြိမ်နဲ့ ရွေ့လျားနေအောင်လုပ်ဖို့ လိုအပ်တာပါပဲ။
နိုင်ငံသားအားလုံးရဲ့ စည်းကမ်းနဲ့ စိတ်ဓာတ် မြင့်မားဖို့ကိုလည်း ပထမဦးစားပေးထဲ ထည့်စဉ်းစားမှ ဖြစ်မှာပါ။ အင်အားချည့်နဲ့နေတဲ့ Institution တွေအားလုံး အင်အား တောင့်တင်းလာဖို့အတွက် အပြန်အလှန် ဖေးမကြတာ သိပ်မရှိလှဘဲ သူမှားတယ်၊ ငါမှန်တယ်ဆိုတဲ့ ရပ်တည်ချက်တွေနဲ့ လက်ညှိုးတွေ အပြန်အလှန် ထိုးနေတာကို ရပ်ပြီး အပြန်အလှန် ဖေးမအားဖြည့်၊ အပြန်အလှန် လေးစား တန်ဖိုးထားလိုက်ကြဖို့၊ အားနည်းချက်တွေ လျော့ပါးပျောက်ကွယ်သွားအောင် နည်းလမ်းတွေ အတူတူ ရှာဖွေ အတူတူ အကောင်အထည်ဖော် ကြိုးပမ်းနိုင်ကြမှသာ ဒီမိုကရေစီရော ဖွံ့ဖြိုးတိုးတက်ရေးပါ အာမခံချက် ရှိလာမှာ ဖြစ်ပါတယ်။
ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးရပ် အပါအဝင် မီဒီယာ၊ တပ်မတော်၊ တိုင်းရင်းသားပြည်သူများနဲ့ တခြား အရပ်ဘက် လူ့အဖွဲ့အစည်းအသီးသီးတို့မှာ အားနည်းချက်တွေ ရှိနေပါတယ်၊ တစ်နည်းအားဖြင့် Capacity ဖြည့်တင်းဖို့ လိုအပ်နေပါတယ်။ ဒါကြောင့်ပဲ ဒီမိုကရေစီဟာလည်း ခက်ခက်ခဲခဲ တည်ဆောက်နေရတာ ဖြစ်တယ်ဆိုတာ သတိချပ်သင့်ပါတယ်။ Capacity ပြည့်ဝလာတဲ့ တစ်နေ့မှာမှပဲ အားလုံးဟာ ကိုယ့်ရပ်တည်မှုအတွက် ဂုဏ်သိက္ခာ ပြည့်ပြည့်ဝဝ အာမခံချက်ရှိရှိ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ကြမယ် ဖြစ်သလို အပြန်အလှန်လည်း ထောက်ပံ့ အားဖြည့်နိုင်ကြမှာ ဖြစ်ပြီး အဲဒီတော့မှ “နိုင်ငံတော်” ဆိုတာလည်း ခမ်းနားထည်ဝါလာဖို့ မျှော်လင့်နိုင်ပါလိမ့်မယ်။
အစိုးရ၊ လွှတ်တော်၊ တပ်မတော် အပါအဝင် အင်အားစုတွေ အားလုံးနဲ့ လူထုတစ်ရပ်လုံးဟာ တိုင်းပြည်တည်ဆောက်ရေးအတွက် မိတ်ဖက်တွေအဖြစ် ရှုမြင်ကြပြီး အချင်းချင်း လိုအပ်တာကို တစ်ပြန် တစ်လှည့်စီ ဖြည့်ပေးနိုင်ကြရင် ပဋိပက္ခတွေလည်း လျော့နည်းလာမှာ ဖြစ်သလို တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ကို ဖြည်းဖြည်းချင်း ရောက်နိုင်မှာ မုချဖြစ်ပါတယ်။ ဝေဖန်ထောက်ပြတာက ပြဿနာ မဟုတ်ပေမယ့် အားလုံးမှာ အားနည်းချက်တွေ ကိုယ်စီ ရှိနေတာချင်း အတူတူ အပြစ်တွေ အလွန်အကျွံ အပြန်အလှန်တင်နေကြရင် အချိန်တေ ပိုကြာဖို့ပဲ ရှိပါတယ်။
အရေးကြီးဆုံးက အင်အားစု အသီးသီး၊ ကဏ္ဍအသီးသီး၊ မဏ္ဍိုင်အသီးသီးနဲ့ လူထုမှာပါ လိုအပ်နေတဲ့ Capacity ကို ဖြည့်ဆည်းမြှင့်တင်နိုင်ရေး အားလုံး ညီညီညွတ်ညွတ် လက်တွဲကြိုးစားကြဖို့ ဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်။
No comments:
Post a Comment