Friday, November 14, 2014

နိုင်ငံရေးသိပ္ပံ အပိုင်း (၁၅)

 နိုင်ငံရေးသိပ္ပံ အပိုင်း (၁၅)

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ခေတ်သစ်နည်းအရ ဖွဲ့ကြည့်ပါက ပြင်ဆင်ရန်လွယ်ကူသော ဥပဒေနှင့် ပြင်ဆင်ရန်ခက်ခဲသော ဥပဒေဟူ၍ နှစ်မျိုးတွေ့ရပေမည်။ ဥပဒေတစ်ခုကို ရာသက်ပန် ကောင်းမွန်ပြည့်စုံနေမည်ဟု မယူဆအပ်ပေ။ ပြောင်းလဲနေသော ခေတ်နှင့်လျော်ညီသောဥပဒေကို ရေးဆွဲကြည့်သည့် တိုင်းပြုပြည်ပြု လွှတ်တော်တိုင်းသည် နောင်အခါ စီရင်ချက်နည်းနိုင်သမျှနည်းအောင် ကြိုးစားအားထုတ်၍ ဥပဒေများကို ရေးဆွဲကြစမြဲ ဖြစ်သည်။သို့ရာတွင် အချိန်အခါ အားလျော်စွာ ပြင်ဆင်ရန် လိုလားမည်ကိုလည်း သိရှိကြသဖြင့် ၎င်းတို့ရေးဆွဲသော ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေထဲမှာပင် ဥပဒေ များကို မည်သို့ပြင်ဆင်ရမည်ဟု အတိအကျ ရေးသားပြဌာန်းထားလေ့ရှိသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် ရိုးရိုးဥပဒေကို ပြင်ဆင်ပြုလုပ်သကဲ့သို့ အမတ် အများစု၏ သဘောတူညီချက်ဖြင့် ပြင်ဆင်နိုင်လျှင် ၊ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေဟုခေါ်၍ အခြေခံဥပဒေကိုပြင်ဆင်ရာတွင် သတ်မှတ်ချက်တစ်ခုခု ထားရှိလျှင်(ဝါ) ရိုးရိုးနည်းမှတပါး တခြားသော နည်းလမ်း တခုခုဖြစ်စေ၊နည်းလမ်းများနှင့်ဖြစ်စေပြင်ဆင်ရပါက ပြင်ဆင်ရန်ခက်ခဲသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥးပဒေဟူ၍ ခေါ်ဆိုသည်။ ထို့ကြောင့်ပြင်ဆင်ရန် လွယ်ကူသောအခြေခံဥပဒေကိုခွဲခြားသိရှိလိုလျှင် ၎င်းအခြေခံဥပဒေကိုပြင်ဆင်သောနည်းလမ်းကို ကြည့်ရပေမည်။ တနည်းအားဖြင့် အခြေခံဥပဒေကို ပြင် ဆင်ရာ၌ ချုပ်ချယ်မှုရှိသည်နှင့်တပြိုင်နက် ၎င်းဥပဒေမှာပြင်ဆင်ရန်ခက်ခဲသောအခြေခံဥပဒေဖြစ်တော့သည်။

ပြင်ဆင်ရန်ခက်ခဲသောဥပဒေကိုပြင်ဆင်နည်းများ

၁။ချွင်းချက်ဖြင့် ဥပဒေပြုလွှတ်တော်က ပြင်ဆင်ခြင်း

၂။ပြည်သူ့ဆန္ဒကောက်ခံ၍ ပြင်ဆင်ခြင်း(Referendum.)

၃။ပြုပြင်ချကအတွက် အထူးဖွဲ့စည်းကျင်းပသောလွှတ်တော်ကပြင်ဆင်ခြင်း

၄။ပြည်ထောင်စုနိုင်ငံများတွင် ပြည်နယ်များ၏မဲဆန္ဒဖြင့် ပြင်ဆင်ခြင်း။

၁။ချွင်းချက်ဖြင့် ဥပဒေပြုလွှတ်တော်က အခြေခံဥပဒေကိုပြင်ဆင်ရာတွင်လည်း သုံးမျိုးသုံးစား တွေ့ရှိရသည်။ ၎င်းတို့မှာ

(က)ဥပဒေပြုလွှတ်တော်သည် ရိုးရိုးဥပဒေများ ပြုလုပ်သကဲ့သို့ သာမန်မဲအများစုဖြင့် အခြေခံဥပဒေကို မပြင်ဆင်နိုင်ပေ။ သတ်မှတ်ထားသော လွှတ်တော်အမတ် အရေအတွက်ပြည့်ပြီး အများစု၏သဘောတူညီချက်ဖြင့် ပြင်ဆင်သော ကိုတာ (Quorun) နည်း ဖြစ်သည်။ ၎င်းတို့ကို ဒုတိယကမ္ဘာစစ် မဖြစ်မီက ယူမေးနီးယားနှင့် ဘူ(လ်)ဂေးရီးယား နိုင်ငံများတွင် အသုံးပြုသည်။

(ခ)ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုလာသောအခါ လက်ရှိဥပဒေပြုအဖွဲ့ကို ဖျက်သိမ်း၍ ဥပဒေပြုအဖွ့ဲသစ်တစ်ခု ရွေးကောက် တင်မြှောက်ကြပြီး အခြေခံဥပဒေကို ပြင်ဆင်စေသည်။ ဤနည်းကို နော်ဝေး၊ ဘယ်(လ်)ဂျီယံ၊ ဆွီဒင်နိုင်ငံများတွင် အသုံးပြုကြသည်။

(ဂ)လက်ရှိဥပဒေပြုအဖွဲ့မှ သတ်မှတ်ထားသော မဲအရေအတွက်ဖြင့် အခြေခံဥပဒေကို ပြင်ဆင်နိုင်သည်။ ဥပမာလွှတ်တော်တက်သည့် အမတ်များ အနက်မှ ၂/၃ ကသဘောတူ ဆန္ဒပေးလျှင် ပြင်ဆင်ချက်အဆိုအ တည်ဖြစ်သည်။ ၎င်းနည်းကို တောင်အာဖရိကနိုင်ငံ၌ လည်းကောင်း၊ မြန်မာပြည်တွင် တော်လှန်ရေး အစိုးရမတက်မှီကလည်းကောင်း အသုံးပြုခဲ့ကြသည်။

၂။ ပြည့်သူ့ဆန္ဒကောက်ခံ၍ ပြင်ဆင်ခြင်း(Referendum.)

၂။ တချို့ နိုင်ငံများတွင် ဥပဒေပြုအဖွဲ့၌ အခြေခံဥပဒေကိုပြင်ဆင်နိုင်သောအာဏာမရှိပေ။ ထို့ကြောင့် အခြေခံဥပဒေ ကိုပြင်ဆင်ရန် အတွက်မဲဆန္ဒရှင်များဖြစ်ကြသော ပြည်သူလူထုအားပြင်ဆင်ချက်ကို တင်ပြ၍ ကြိုက်မကြိုက်မေးမြန်းရသည်။ ပြည်သူ့ဆန္ဒကောက်ခံခြင်း၊ (Referendum) ပင်ဖြစ်သည်။ ဤနည်းကိုသြစ တြေးလျ၊ ဆွစ်ဇာလန်နှင့်တချို့သောအမေရိကန်ပြည်နယ်များတွင် အသုံးပြုသည်။

၃။ တချို့သောနိုင်ငံများတွင် အခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေပြုအဖွဲ့ကိုဖျက်သိမ်းပြီး၊ အခြေခံဥပ ဒေရေးဆွဲရေးအဖွဲ့တစ်ခုကို ရွေးကောက်တင်မြှောက်ရသည်။ ၎င်းအခြေခံရေးဆွဲရေးအဖွဲ့သည် ဥပဒေပြုအ ဖွဲ့သစ်ပင်ဖြစ်လာသည်။ ဤနည်းကို လက်တင်အမေရိကနိုင်ငံများဖြစ်ကြသော ဗရာဇီးလ်နိုင်ငံ၊ အာဂျင်တီး နားနိုင်ငံ၊ အီကွေဒေါနိုင်ငံနှင့်ချီလီနိုင်ငံများတွင်အသုံးပြုသည်။ ယင်းနည်းသည် အချိန်ကုန်သည့်အပြင် ငွေကြေးလည်း အကုန်အကျများသောကြောင့် များစွာ အသုံးပြုခြင်း မရှိတော့ချေ။

၄။ အချို့သော ပြည်ထောင်စုနိုင်ငံရှိ ဗဟိုအစိုးရများ၌ အခြေခံဥပဒေကိုပြင်ဆင်နိုင်ခွင့်မရှိကြောင်း တွေ့မြင်ရသည်။ အာဏာကို ပြည်နယ်များနှင့် ခွဲဝေထားသည့်အလျှောက် အခြေခံဥပဒေကို ပြင်ဆင်လိုလျှင် ပြည်နယ်များကိုတင်ပြ၍ ပြည်နယ်အများစု၏ သဘောတူညီချက်ဖြင့်သာ ပြင်ဆင်ရသည်။ ဤနည်းဖြင့်ပြည် ထောင်စုနိုင်ငံများဖြင့်သာ သက်ဆိုင်သောကြောင့် ပြည်ထောင်စုနိုင်ငံများဖြစ်ကြသော အမေရိကန်နှင့် ဆွစ်ဇာလန်နိုင်ငံများတွင် အသုံးပြုသည်။

ပြင်ဆင်ရန်လွယ်ကူသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပြင်ဆင်ရန် ခက်ခဲသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများအကြောင်းကို အကြမ်းအားဖြင့် သိရှိခဲ့ကြပေပြီ။ သို့ရာတွင် အခြေခံဥပဒေနှင့် စပ်လျဉ်းပြီး အသေးစိတ်နားလည်သိရှိနိုင်ရန် ဗြိတိသျှ၊ အမေရိကန် စသော နိုင်ငံများ၌ အသုံးပြုလျက်ရှိသော ဖွဲ့စည်းအုပ် ချုပ်ပုံဥပဒေများကို ဆက်လက်၍လေ့လာရပေမည်။

No comments:

https://realnayzawtun.blogspot.com/2023/04/2049-economic-challenges-of-rising.html

100 Life-Changing Netflix Movies to Inspire You

100 Life-Changing Netflix Movies to Inspire You As a Coachsultor & Philosothinkerist, I wear many hats: coach, consultant, counselor, ph...

https://realnayzawtun.blogspot.com/2023/05/50-productivity-quotes-by-nayzaw-tun.html