နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၈)
အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ
၁၇၈၉ ခုနှစ်တွင် ရေးဆွဲခဲ့သော အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ကမ္ဘာပေါ်တွင် ပြင်ဆင်ရန် အခက်ဆုံးသော ဥပဒေဖြစ်သည် ။ ဤသို့ ပြင်ဆင်ရန်ခက်မှုကြောင့် ၎င်းဥပဒေကို ရေးဆွဲသည့် ၁၇၈၉ ခုနှစ်မှ ယနေ့ ၁၉၆၃ ခုနှစ်အထိ နှစ်ပေါင်း ၁၇၄ နှစ်အတွင်း ပြင်ဆင်ချက်ပေါင်း ၂၂ ခုသာ ရှိသည်။ အခြေခံဥပဒေများကို ခေတ်နှင့် လျော်ညီအောင် အခါအားလျော်စွာ ပြင်ဆင်သင့်သော်လည်း ဤမျှ ရှည်လျားသောကာလအတွင်း ပြင်ဆင်ချက် ၂၂ ခုသာရှိခြင်းကို ကြည့်ခြင်းဖြင့် အမေရိကန် အခြေခံဥပဒေ မည်မျှပြင်ဆင်ရန် ခက်ခဲကြောင်း ခန့်မှန်းကြည့်နိုင်ပေမည်။
၁။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့ သီးခြားစွာဖြင့် ၂/၃ သောမဲဖြင့် တင်သွင်းနိုင်သည်။ ၎င်း ၂/၃ မှာ လွှတ်တော် တခုစီတွင် တက်ရောက်သော အမတ်များ၏ ၂/၃ မဟုတ်ပေ။ လွှတ်တော် တခုစီတွင် ရှိသော အမတ်ပေါင်း ၂/၃ စီဖြစ်ရမည်။
၂။ ပြည်နယ်စုစုပေါင်း ၂/၃ တို့က ပြင်ဆင်ရန် လိုကြောင်း တင်ပြသောအခါ ကွန်ဂရက်က ၎င်းအဆိုပြုချက်ကို စဉ်းစားရန် အထူးလွှတ်တော်တရပ် ရွေးကောက်တည်ထောင်ပေးရသည်။
၃။ အခြေခံဥပဒေကို ပြင်ဆင်ချက် အတည်ဖြစ်ရန် ပြည်ထောင်စုတွင်ပါဝင်သော ပြည်နယ်စုစုပေါင်း၏ ၃/၄ တို့က သဘောတူရပေသည်။ ၃/၄ တို့က သဘောမတူလျှင် ပြင်ဆင်ချက် အတည်မဖြစ်တော့ပေ။
ပြင်သစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
ပြင်သစ်နိုင်ငံသည် ပြင်ဆင်ရန် ခက်ခဲသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသုံးပြုသည့် ယူနီ တရီနိုင်ငံတနိုင်ငံဖြစ်သည်။ အခြေခံဥပဒေကိုပြင်ဆင်ရန် ပြင်သစ်အောက်လွှတ်တော်(National Assembly) ကသာတင်သွင်း နိုင်သည်။ အောက်လွှတ်တော်က အတည်ပြုပြီး အထက်လွှတ်တော် (Council of State) ကို တင်ပြရသည်။ အကယ်၍ လွှတ်တော်နှစ်ရပ်အနက်မှ လွှတ်တော်တခုခုတွင် သာမန်မဲအများအားဖြင့် အတည်ပြုခြင်းဖြစ်ခဲ့လျှင် ပြင်ဆင်ချက်အတည်ဖြစ်စေရန် ပြည်သူ့ ဆန္ဒ ကောက်ခံ ခြင်း ပြုရသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရန် အဆိုကို အောက်လွှတ်တော်၏ ၂/၃ သော အမတ်များ နှင့် အထက်လွှတ်တော်၏ ၃/၅ သော အမတ်များက သဘောတူလျှင် ပြင်ဆင်ချက်အဆိုအတည်ဖြစ်သည်။ ပြည်သူ့ဆန္ဒကောက်ခံခြင်းပြုရန်မလိုပေ။
အီတလီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ
အီၤတလီတွင် ဒုတိယကမ္ဘာစစ်မတိုင်မီက ပြင်ဆင်ရန်လွယ်ကူသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ ကို အသုံးပြုခဲ့သည်။ အာဏာရှင်မူဆိုလိုနီသည် ပြင်ဆင်ရန်လွယ်ကူသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကို လိမ္မာပါးနပ်စွာ အသုံးပြု၍ ပြည်သူတို့၏ အခွင့်အရေးများကို ဖျက်ဆီးကာ ၁၉၂၂-ခုနှစ်တွင် ၎င်းကို၎င်း အီတလီပြည်၏ အာဏာရှင်တစ်ယောက်ဖြစ်လာအောင် ပြုလုပ်ခဲ့သည်။
အထက်ပါ အကြောင်းကြောင့် ဒုတိယကမ္ဘာစစ်ပြီးသောအခါ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အသစ်ရေးဆွဲ၍၊ ၎င်းအခြေခံဥပဒေကို ပြင်ဆင်ရန် အခြေခံဥပဒေ၏ အပုဒ်“၁၃၈”ဖြင့် အောက်ပါအတိုင်း ပြဌာန်းထားခဲ့သည်။
အခြေခံဥပဒေကို ပြင်ဆင်ရန် အောက်လွှတ်တော် (Chamber of Deputies) က သော်လည်း ကောင်း အထက်လွှတ်တော် (Senate) က သော်လည်းကောင်း တင်သွင်းနိုင်သည်။ ၎င်းပြင်ဆင်ချက် အဆိုကို လွှတ်တော်နှစ်ရပ်လုံးက တကြိမ်နှင့် တကြိမ်ရက်ပေါင်း “၉၀” ခြား၍ စည်းဝေရသည်။ လွှတ်တော်နှစ်ရပ်လုံးမှ နှစ်ကြိမ်စလုံး သာမန်အမတ်အများစုက သဘောတူလျှင် ပြင်ဆင်ချက်အဆိုကို အတည်ဖြစ်သည်။
လွှတ်တော်နှစ်ခုအနက်မှ လွှတ်တော်တစ်ခုခုတွင် ပါဝင်သော အမတ်ဦးရေ၏ ၁/၅ က သော် လည်းကောင်း မဲဆန္ဒရှင် ၅၀၀၀၀ (ငါးသောင်း) က သော်လည်းကောင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ရန်တောင်းဆိုလျှင် ပြည်သူ့ဆန္ဒကောက်ခံခြင်း (Referendum) ပြုရသည်။ သို့ရာတွင် လွှတ်တော်နှစ်ရပ်စလုံး၌ နှစ်ကြိမ်စလုံး အမတ် ၂/၃ ဖြင့် ပြင်ဆင်ချက် အဆိုကို အတည်ပြုခဲ့ပါက ပြည်သူ့ဆန္ဒကောက်ခံခြင်းပြုရန် မလိုပေ။
အိန္ဒိယဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ
အိန္ဒိယပြည်ထောင်စုနိုင်ငံတွင် ဗဟိုအစိုးရ၏ ဥပဒေပြုရေးဌာနဖြစ်သော ဗဟိုလွှတ်တော်နှစ်ခုပေါင်း မှ လွှတ်တော်တက်ရောက်လာသည့် ကိုယ်စားလှယ် အမတ်ပေါင်း ၂/၃ က သဘောတူညီလျှင် ပြင်ဆင် ချက်အဆိုအတည်ဖြစ်သည်။
ကနေဒါ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ပုံ
ကနေဒါနိုင်ငံတွင် အခြေခံဥပဒေကို ပြင်ဆင်လိုလျှင် ကနေဒါလွှတ်တော်နှစ်ရပ်က ဗြိတိသျှဘုရင်- ဘုရင်မထံ ပြင်ဆင်ချက်ကို တင်ပြရသည်။ ၎င်းပြင်ဆင်ချက်ကို ဗြိတိသျှပါလီမန်က ဆွေးနွေးအတည် ပြုရသည်။ ထို့ကြောင့် ကနေဒါနိုင်ငံတွင် အသုံးပြုသော အခြေခံဥပဒေပြင်ဆင်နည်းမှာ တခြားပြည်ထောင်စု များတွင် သုံးသောနည်းများနှင့် စာကြည့်လျှင်လွယ်ကူသည်။ သို့ရာတွင်ပြင်ဆင်ချက်ကို တခြားနိုင်ငံတနိုင်ငံကို တင်ပြရသဖြင့် ပြင်ဆင်ချက်များ နှောင့်နှေးကြန့်ကြာစေနိုင်သည့်အပြင် တိုင်းပြည်၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်သည်။
No comments:
Post a Comment