နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၇)
နယူးဇီလန်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
နယူးဇီလန် နိုင်ငံ၏ အခြေခံဥပဒေသည် ပြင်ဆင်ရန် လွယ်ကူသော အခြေခံဥပဒေဖြစ်သည်။ ကမ္ဘာပေါ်တွင် ၎င်း နယူးဇီလန်နှင့် အင်္ဂလန်တို့သာ ပြင်ဆင်ရန် လွယ်ကူသော အခြေခံဥပဒေကို အသုံးပြုကြသည်။ ၎င်းနှစ်နိုင်ငံတို့သည် ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေကို အသုံးပြုကြသော် လည်း ဗြိတိသျှတို့၏ အခြေခံဥပဒေမှာ မှတ်တမ်းတင်ထားသော အခြေခံဥပဒေ မဟုတ်ပဲ နယူးဇီလန် အခေခံဥပဒေမှာမူ မှတ်တမ်းတင်ထားသော ဥပဒေဖြစ်သည်။
နယူးဇီလန်သည် အင်္ဂလိပ်ကိုလိုနီနိုင်ငံဖြစ်ခဲ့ပြီး ၁၈၅၂ ခုနှစ်၌ ဒိုမီနီယံလွတ်လပ်ရေးရသဖြင့် ၁၈၇၆ ခုနှစ်တွင် ယူနီတရီနိုင်ငံ အဖြစ် တည်ထောင်ခဲ့သည်။ ဖွဲ့စည်းအုပ်ချုပ်အခြေခံဥပဒေအပိုဒ် “၆၁” ဖြင့် အခြေခံဥပဒေကို ရိုးရိုးဥပဒေများကို ပြင်ဆင်ပြုလုပ်သကဲ့သို့ ပါလီမန်က ပြင်ဆင်နိုင်ကြောင်း ဖေါ်ပြထားခြင်းဖြင့် နယူးဇီလန် အခြေခံဥပဒေသည် ပြင်ဆင်ရန်လွယ်ကူသော ဥပဒေဖြစ်ကြောင်း ထင်ရှားသည်။
ယူနီထရီနိုင်ငံများဖြစ်ကြသော အင်္ဂလန်နှင့် နယူးဇီလန်နိုင်ငံများ၌ပြင်ဆင်ရန် လွယ်ကူသော အခြေ ခံဥပဒေများ ရှိကြခြင်းဖြင့် ယူနီထရီ နိုင်ငံတိုင်း၌ ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေများ ရှိရမည်ဟု မယူဆအပ်ပေ။ ၎င်းနှစ်နိုင်ငံမှ အပ ကမ္ဘာတွင်မည်သည့်နိုင်ငံမှ ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေကို မသုံးကြပေ။
နယူးဇီလန်နိုင်ငံ၌ ပြည်ထောင်စုအစိုးရကဲ့သို့ ဗဟိုအစိုးရနှင့်ဒေသဆိုင်ရာ ပြည်နယ်အစိုးရတို့ ရှိခဲ့သည်။ ၁၈၇၆ ခုနှစ်တွင် ဥပဒေပြုအဖွဲ့မှ ပြုလုပ်သော ဥပဒေဖြင့် ပြည်နယ်အစိုးရများကို လုံးဝဖျက်သိမ်းပြီး ယူနီထရီ နိုင်ငံပြုလုပ်လိုက်သည်။
နယူးဇီလန် နိုင်ငံ၌လွတ်တော် ၂ ခုရှိခဲ့သော်လည်း ၁၉၅၁ ခုနှစ်တွင် ဥပဒေဖြင့်လွှတ်တော် ၂ခု စံနစ်ကိုဖျက်သိမ်းပြီး လွှတ်တော်တခုတည်းရှိသော စံနစ်ကို အသုံးပြုခဲ့သည်။ အထက်ပါပြင်ဆင်ချက် ဥပဒေနှစ်ခုစလုံးမှာ အစိုးရဖွဲ့စည်းပုံ စံနစ်နှင့် သက်ဆိုင်နေသောကြောင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများပင် ဖြစ်သည်။ ၎င်းဥပဒေများကို ပြင်ဆင်ရာတွင် ရိုးရိုးဥပဒေများကို ပြင်ဆင်သကဲ့သို့ ပြင်ဆင်ခြင်းဖြစ်၏။ ထို့ကြောင့် နယူးဇီလန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေပင်ဖြစ်၏။
ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥဒေ၏ ကောင်းကျိုးများ
အနုမြူဒုံးပျံခေတ်တွင် ကမ္ဘာ့အခြေအနေမှာ နာရီ၊ မိနစ်၊ စက္ကန့်တိုင်းပြောင်းလဲနေသဖြင့် ခေတ်နှင့် ရင်ဘောင်တန်း လိုက်နိုင်ရန် ခေတ်မမှီသော ဥပဒေဟောင်းများကိုသာလျှင်မြန်စွာ ပြင်ဆင်ရန်လိုသည်။ ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေကို အသုံးပြုသည့်အင်္ဂလန်သည် ပြင်ဆင်ရန်ခက်သည့် အခြေခံဥပဒေကို သုံးသည့် အမေရိကန်ထက်စော၍ မိန်းမများမဲပေးနိုင်ခြင်းကို ထောက်ရှုပါက ပြင်ဆင်ရန်လွယ်ကူသော ဥပဒေကောင်းကြောင်း သိသာနိုင်သည်။
ပြည်သူလူထုနိုင်ငံရေးအသိတရားမြင့်မားသည့် နိုင်ငံများတွင် ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေကို အသုံးပြုခြင်းဖြစ် မလိုလားအပ်သော အစိုးရ၏ ဖေါက်ပြန်နိုင်မှုများကင်းပြီး တိုင်းပြည် လျှင်မြန်စွာ တိုးတက်နိုင်သည်။
ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေကို ပြင်ဆင်ရာတွင် ပြင်ဆင်ရန်ခက်ခဲသော ဥပဒေကို ပြင်ဆင်ရသကဲ့သို့ အချိန်ကုန်လူပန်းမဖြစ်သည့်အပြင် ငွေကြေးအကုန်အကျများလည်းများစွာ သက်သာ သည်။
ပြင်ဆင်ရန်လွယ်ကူသော အခြခံဥပဒေ၏ မကောင်းကျိုးများ
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ ရည်ရွယ်ချက်မှာ အစိုးရကပြည်သူလူထု၏ အခွင့်အရေးများကို မချိုးဖောက်နိုင်အောင် ကာကွယ်ထားရန် ပင်ဖြသစ်သည်။ ထို့ကြောင့်အခြေခံ ဥပဒေမှာ သေချာ တိကျ ပြတ်သားရန်လိုသည်။ ဥပဒေကိုပြင်ဆင်ရန်လွယ်သည်ကို အခွင့်ကောင်းယူ၍ မကြာခဏပြင်ဆင်ခြင်းဖြင့် တိကျပြတ်သားမှုမရှိပဲ ရှုပ်ထွေးနေပေမည်။ ဤသို့ဖြစ်လာလျှင် အခြေခံဥပဒေ၏ ရည်ရွယ်ချက်ဖြစ်သော ပြည်သူလူထု၏ အခွင့်အရေးကို ကာကွယ်ရန်မှာ ဖြစ်နိုင်တော့မည်မဟုတ်ပေ။
စိတ်လှုပ်ရှားမတည်ငြိမ်သောလူမျိုးနှင့် ပြင်ဆင်ရန်လွယ်ကူသော ဥပဒေမှာ သဟာဇတ မဖြစ်နိုင် တော့ပေ။ အကြောင်းမှာ ကောင်းနိုးနိုးဖြင့် စိတ်ရူးပေါက်တိုင်း မကြာခဏပြင်ဆင်ခြင်းဖြင့် “အကျိုး လို၍ညောင်ရေလောင်း ပတ်ထန်းတွေ့” ဆိုသောသကားပုံအတိုင်း ဖြစ်နိုင်သောကြောင့်ပင် ဖြစ် သည်။
ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေရှိနိုင်သည့်နိုင်ငံတွင် အစိုးရ၏လုပ်ဆောင်ချက်များကို အမြဲမပြတ် စောင့်ကြည့်ရန်လိုသည်။ အစိုးရ၏ မည်သည့်ဆောင်ရွက်ချက်က ကောင်းသည် မည်သည့်ဆောင်ရွက်ချက်က မကောင်းဟူ၍ ပိုင်းခြားဝေဖန်နိုင်သည့် နိုင်ငံရေးအသိတရား လူထု၌ရှိရန် လိုသည်။ ပြည်သူလူထု၌ ဤကဲ့သို့သော နိုင်ငံရေးအသိတရား မြင့်မားမှုမရှိလျှင် အီတလီလူထု အားမူဆိုလီနီ လှည့်စားသွားသကဲ့သို့ လှည့်စားခြင်းကို ခံရပေလိမ့်မည်။
ပြည်ထောင်စုနိုင်ငံများနှင့် ပြင်ဆင်ရန်လွယ်ကူသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် “ဘုန်းကြီးနှင့် ဘီးပမာ” အလှမ်းကွာခြားလှသည်။ အကြောင်းမှာ ပြည်ထောင်စုနိုင်ငံများတွင် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့ အာဏာကိုခွဲဝေယူထားကြသောကြောင့် အစိုးရတဖွဲ့ပိုင် အခွင့်အာဏာကို အစိုးရတဖွဲ့က ထိပါးနိုင်ခြင်းမရှိရန်လိုသောကြောင့်ပင် ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေကို အသုံးပြုပါက အစိုးရ တဖွဲ့၏ အခွင့်အာဏာကို တဖွဲ့က ကျူးလွန်ထိပါးပေလိမ့်မည်။ ထို့ကြောင့် မည်သည့် ပြည်ထောင်စု နိုင်ငံတွင်မှ ပြင်ဆင်ရန်လွယ်ကူသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသုံးမပြုကြချေ။
No comments:
Post a Comment