နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၆)
ဗြိတိသျှဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
ဗြိတိသျှ အခြေခံဥပဒေများမှာ ထုံးတမ်းစဉ်လာများ၊ အခြေအနေအရဖြစ်ပေါ်လာသော အစဉ်အလာ များနှင့် ဥပဒေပြုအဖွဲ့မှ ပြုလုပ်သောဥပဒေများကို ပေါင်းစပ်ထားသည့် ပြင်ဆင်ရန်လွယ်ကူသည့် အခြေခံဥပဒေပင် ဖြစ်သည်။ ၎င်းအခြေခံဥပဒေများကို မှတ်တမ်းတင်ထားသော အခြေခံဥပဒေများနှင့် မှတ်တမ်းတင်မထားသော အခြေခံဥပဒေများကို ရောစပ်ထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟူ၍ လည်း မှတ်ယူနိုင်သည်။
ထုံးတမ်းစဉ်လာအားဖြင့် ၁၀၆၆ - ခုနှစ်တွင် နော်မန်ဒီနယ်စားကြီးဝီလျံသည် အင်္ဂလန်ကိုသိမ်းပြီးမင်း ဆက်အသစ် တည်ထောင်ကာ နော်မန်စနစ်များနှင့် အင်္ဂလိပ်စနစ်များကို ရောစပ်၍ အစဉ်အလာ အဖြစ်အသုံးပြုခဲ့ကြသည်။ ဘဏ္ဍာတော် ကောက်ခံရန်ကိစ္စများအတွက် အင်္ဂလန်ဘုရင်သည် ဘုရင့်အကြံ ပေးအဖွဲ့သို့ ပြည်သူပြည်သားတို့၏ကိုယ်စားလှယ်များကို တက်ရောက်စေခဲ့သည်။ ဤကဲ့သို့သော အစဉ်အ လာကို အကြောင်းပြု၍ ပါလီမန်စနစ်ပေါ်လာသည်။
ပထမ အလစ်ဇဘုရင်မ ထီးနန်းဆက်ခံခြင်းကို ပါလီမန်တို့ ဥပဒေပြုစေပြီး အတည်ပြုစေခိုင်းချက်ကို အကြောင်းပြု၍ နောင်အခါ “ထီးနန်း ဆက်ခံသောဘုရင်၊ ဘုရင်မတိုင်း ပါလီမန်၏ အတည်ပြုချက် ရယူရမည် ဟူသော အစဉ်အလာ တစ်ရပ်ဖြစ်လာခဲ့သည်။
၁၆၈၈- ခုနှစ်တွင် စတူးဝပ်မင်းဂျိမ်းစ် (၂) သည် ပါလီမန်နှင့် ပဋ္ဋိပက္ခဖြစ်ပြီး မိဖုရားနှင့် သားကိုခေါ်ကာ နိုင်ငံခြားသို့ထွက်ပြေးသောကြောင့် ပါလီမန်သည် ဟော်လန်ဘုရင်ဝီလျံ(၃) နှင့် ၎င်း မိဖုရားဂျိမ်းစ်(၂)၏ သမီးအေရီ တို့ကို အင်္ဂလန်၏ ဘုရင် နှင့်ဘုရင်မ အဖြစ်တင်မြှောက်သည်။ ပါလီမန်သည် ဥရောပအရ တန်ခိုးမရှိသော်လည်း အခြေအနေအရ ဘုရင်တပါးကို နန်းစွန့်သွားသည်ဟု ကြေငြာပြီး ဘုရင်အသစ်တပါးကို ခန့်အပ်ခဲ့သည်။
အထက်တွင်ဖေါ်ပြခဲ့သော ထုံးတမ်းစဉ်လာနှင့် အခြေအနေအရဖြစ်ပေါ်လာသော ဥပဒေများအပြင် မှတ်တမ်းတင်မထားသော်လည်း ၎င်းဥပဒေများကို ချိုးဖောက်လျှင် တရားရုံးမှ အရေးယူနိုင်သော ဥပဒေ များလည်းရှိသည်။ ဥပမာ ဘုရင်သည် အမှားများကိုကျူးလွန်ခွင့်မရှိပေ။
၁၉၁၁-ခုနှစ်တွင် ပါလီမန်အက် ဥပဒေဖြင့် ဗြိတိသျှပိလီမန်၏ သက်တမ်းကို ၇- နှစ် မှ ၅- နှစ်သို့ လျော့ချခဲ့သည်။ ဤဥပဒေပြင်ဆင်ချက် မတိုင်ခင်ကာလက ပြည်သူ့ကိုယ်စားလှယ်များမဟုတ်သော အ ထက်လွှတ်တော်သည် ပြည်သူ့ ကိုယ်စာလှယ်များဖြင့်ဖွဲ့စည်းထားသော အောက်လွှတ်တော်ထက် တန်ခိုး ကြီးကြောင်းတွေ့ရသည်။ အောက်လွှတ်တော်မှ တင်သွင်းသော မည်သည့်ဥပဒေကိုမဆို အထက် လွှတ်တော်က ဗီတို(Veto) ဖြင့် လုံးဝပယ်ချနိုင်သည်။ ယင်းသို့ ပြည်သူ့ကိုယ်စားလှယ်များ မဟုတ်သော အထက်လွှတ်တော်က တန်ခိုးကြီးနေခြင်းမှာ ဒီမိုကရေစီနှင့် ဆန့်ကျင်သည်။ ထို့ကြောင့် ၁၉၁၁- ခု ပါလီမန် အက် ဥပဒေဖြင့် အထက်လွှတ်တော်၏ ဗီတိုအာဏာကို အချိန်ဆွဲထားနိုင်သော ဗီတို အာဏာ(Supensive Veto) အဖြစ်လျော့ချခဲ့၏။
အချိန်ဆွဲထားနိုင်သော ဗီတို အာဏာအရ အထက်လွှတ်တော်သည် အောက်လွှတ်တော်မှ တင်သွင်းလိုက်သော ဥပဒေကြမ်းကို ယခင်သကဲ့သို့ မကြိုက်လျှင် လုံးဝပယ်ချနိုင်ခွင့်မရှိဘဲ တင်သွင်းထား သော ဥပဒေကြမ်းကို ၂-နှစ်ခြားတခါ ၃-ကြိမ်သာပယ်ချနိုင်မှ တစ်နှစ်ခြားတခါ ၂-ကြိမ်သို့ လျှော့ချလိုက်သည်။ ၎င်းအပြင် ၁၉၁၇-ခုနှစ်နှင့် ၁၉၄၄-ခုနှစ်များတွင် ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ် ကာလများ ဖြစ်နေသောကြောင့် အထူးဥပဒေအဖြစ် ပါလီမန်သက်တမ်းကို တိုးခဲ့သည်။
ဤကဲ့သို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် သက်ဆိုင်သောဥပဒေများကို ရိုးရိုးဥပဒေများ ပြင်ဆင်ပြုလုပ်သကဲ့သို့ သာမန် မဲအများစုဖြင့် ပါလီမန်က ပြင်ဆင်ခဲြ့ခင်းဖြစ်သည်။ ထိုကြောင့် ဗြိတိသျှ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေ ဖြစ်ကြောင်းထင်ရှားသည်။
No comments:
Post a Comment