နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၅)
၅။ တပြည်ထောင်စနစ်နိုင်ငံများ (Unitary State)
အထက်၌ရှင်းလင်းရေးသားခဲ့သည့်အတိုင်း ယူနီတရီ (Unitary State) နိုင်ငံတနိုင်ငံ၌ အစိုးရတဖွဲ့တည်းသာရှိကြောင်း သိခဲ့ရပေပြီ။ ၎င်း Unitary State နိုင်ငံတနိုင်ငံ၏ ထူးခြားသော သွင်ပြင်လက္ခဏာများကို ဆက်လက်လေ့လာ ဆန်းစစ်ကြည့်လျှင် အောက်ပါအတိုင်း တွေ့ရှိရမည်ဖြစ်၏။
၁။ အစိုးရအဖွဲ့တခုတည်းသာရှိခြင်း
၂။ အာဏာပိုင်ဥပဒေအဖွဲ့ တဖွဲ့တည်းသာရှိခြင်း
၃။ ဥပဒေအဖွဲ့၏ ဥပဒေပြုခွင့် တန်ခိုးအာဏာကို ကန့်သတ်ချက်မထားရှိခြင်း စသည်တို့ဖြစ်ပေ၏။
အမဲကိုသိလိုလျှင် အဖြူနှင့်နှိုင်းယှဉ်ကြည့်ရပါ၏။ ထို့အတူ Unitary State နိုင်ငံ၏ ထူးခြားသော လက္ခဏာရပ်များကို သိလိုလျှင် ပြည်ထောင်စုနိုင်ငံနှင့် နှိုင်းယှဉ်ကြည့်ရပါ၏။
က) အင်္ဂလန်သည် Unitary State နိုင်ငံဖြစ်သဖြင့် တတိုင်းပြည်လုံးကို အုပ်စိုးသော အစိုးရတဖွဲ့တည်းသာရှိပြီး၊ အမေရိကန် ပြည်ထောင်စုမှာမူ ပြည်ထောင်စုနိုင်ငံဖြစ်သည့်အလျှောက် ဗဟိုအစိုးရအဖွဲ့တခုအပြင် ပြည်နယ်ပေါင်း (၅၀) တွင်လည်း အစိုးရတဖွဲ့ စီရှိကြပေသည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုတွင် ဗဟိုအစိုးရတခု နှင့် ပြည်နယ်အစိုးပေါင်း (၅၀) စုစုပေါင်း အစိုးရ(၅၁)ဖွဲ့ ရှိလေသည်။
ခ) အမေရိကန်ဥပဒေပြုအဖွဲ့ (Congress) အားလေ့လာဆန်းစစ်ကြည့်ပါမူ အမေရိကန်ဥပဒေပြုအဖွဲ့၌ ၎င်းကြိုက်နှစ်သက်သလို ဥပဒေပြုခွင့် မရှိကြောင်းတွေ့ရပြီး၊ ကွန်ဂရက် (ခေါ်) ဥပဒေပြုလွှတ်တော်သည် ပြည်နယ်အစိုးရတို့၏ အခွင့်အရေးများကို ထိခိုက်စေနိုင် သည့် ဥပဒေမျိုးများကို ပြုခွင့်မရှိပေ။ တနည်းအားဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြင့် ပြည်နယ်များသို့ပေးထားသော အခွင့်အရေး များကို ထိပါးနိုင်ခွင့်၊ ကျူးကျော်နိုင်ခွင့်မရှိပေ။
ထို့ကြောင့် အမေရိကန်ဥပဒေပြုအဖွဲ့၏ ဥပဒေပြုခွင့်အာဏာမှာ ကန့်သတ်ချက်များရှိကြောင်း တွေ့ရမည်ဖြစ်ပါသည်။
ဗြိတိသျှပါလီမန်နှင့် အမေရိကန်ကွန်ဂရက် (၂) ခုစလုံးမှာ ဗဟိုဥပဒေပြုအဖွဲ့များဖြစ်ကြသော်လည်း အမေရိကန်ဥပဒေပြုအဖွဲ့ မှာ ဗြိတိသျှ ဥပဒေပြုအဖွဲ့ကဲ့သို့ တန်ခိုးသြဇာ မကြီးကြောင်းတွေ့ရမည်ဖြစ်၏။ ဤသို့ဖြစ်ရခြင်းမှာ ဗြိတိသျှနိုင်ငံသည် အစိုးရတဖွဲ့တည်း သာရှိသော Unitary State နိုင်ငံဖြစ်ပြီး အမေရိကန်မှာမူ ပြည်နယ်တခုစီ၌ အစိုးရတဖွဲ့စီရှိသော ပြည်ထောင်စုနိုင်ငံ ဖြစ်သောကြောင့် ပင်ဖြစ်၏။ ထို့ကြောင့် ဥပဒေပြုအဖွဲ့၏ တန်ခိုးအာဏာပါဝါကြီးမားခြင်းသည် Unitary State နိုင်ငံ၏ သီးခြားထူးခြားသော လက္ခဏာ တရပ်ဖြစ် ပေသည်။
ဂ) Unitary Stateနိုင်ငံ၏ တတိယထူးခြားသည့် လက္ခဏာတရပ်မှာ ဗဟိုဥပဒေပြုအဖွဲ့မှအပ ဒေသန္တရဥပဒေပြုအဖွဲ့များ မရှိခြင်းပင်ဖြစ်၏။ ဗြိတိသျှနိုင်ငံတွင် လန်ဒန်မြို့ကိုအုပ်ချုပ်သော ဒေသဆိုင်ရာ “ လန်ဒန်ကောင်တီ ကောင်စီ” (London County Council) မျိုးများစွာရှိ၏။ ဤကောင်စီမျိုးမှာ ဗဟိုဥပဒေပြုအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တည်ထောင်ထားခြင်းဖြစ်ပြီး၊ ဥပဒေပြုအဖွဲ့ဖြစ်သော ဗြိတိသျှပါလီမန်က ၎င်းပြုလုပ်ထားသော ဥပဒေကို ပြန်လည်ရုပ်သိမ်းလိုက်လျှင် ဒေသဆိုင်ရာ လန်ဒန်ကောင်တီကောင်စီ ကဲ့သို့သော ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့မှာလည်း အလိုအလျှောက်ပျက်ပျယ်သွားပေသည်။
လန်ဒန်ကောင်တီကောင်စီ၌ ဗြိတိသျှပါလီမန်မှာကဲ့သို့ အချုပ်အခြာအာဏာမရှိပေ။ ထို့ကြောင့် ၎င်းကောင်စီမှပြုလုပ်လိုက် သော (Rules and Regulations) တွေကိုလည်း ဥပဒေအဖြစ်မယူဆနိုင်ပေ။ သို့ရာတွင် လန်ဒန်ကောင်တီကောင်စီမှာ ဗြိတိသျှ ပါလီမန်၏ ဥပဒေပြုချက်အရ ပေါ်ပေါက်လာသဖြင့် လန်ဒန်မြို့အုပ်ချုပ်ရေးအတွက် စည်းကမ်းနည်းလမ်းများကို ဥပဒေပြုနိုင်ခွင့် ရှိပေသည်။ ၎င်းအဖွဲ့မှ ပြုလုပ်သောဥပဒေများသည် ထပ်ဆင့်ထုတ်ပြန်သော ဥပဒေများဖြစ်ခြင်းကြောင့် ထပ်ဆင့်ထုတ်ဥပဒေ (By Laws) များသာ ဖြစ်ပေသည်။ အထက်ပါအကြောင်းများကို ထောက်ရှုခြင်းအားဖြင့် လန်ဒန်ကောင်တီကောင်စီမှာ အချုပ်အခြာအာဏာပိုင် ဥပဒေပြုအဖွဲ့ မဟုတ်ကြောင်းထင်ရှားလေ၏။ ထို့ပြင် ဗြိတိသျှပါလီမန်၌ မည်သည့်ဒေသန္တရအဖွဲ့အစည်းကိုမဆို ဖျက်သိမ်းနိုင်ခွင့်ရှိ ပေသည်။
အမေရိကန်နိုင်ငံတွင်မူ ဗဟိုဥပဒေပြုအဖွဲ့ဖြစ်သော ကွန်ဂရက်သည် အမေရိကန်နိုင်ငံ၏ တခုတည်းသော ဥပဒေပြုအဖွဲ့ မဟုတ် ပေ။ ၎င်းဥပဒေပြုအဖွဲ့အပြင် ပြည်နယ်(၅၀) စလုံး၌ ဥပဒေပြုအဖွဲ့ တဖွဲ့စီသီးခြားစီရှိကြ၏။ ပြည်နယ်များ၏ ဥပဒေပြုအဖွဲ့များသည် ဗဟိုဥပဒေပြုအဖွဲ့၏ ဥပဒေပြုချက်အပေါ်၌ လုံးဝတည်ရှိခြင်းမရှိပေ။ ထို့ကြောင့် ဗြိတိသျှပါလီမန်သည် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ များကို ဖျက်သိမ်းနိုင်သကဲ့သို့ အမေရိကန်ပြည်ထောင်စု ဗဟိုဥပဒေပြုအဖွဲ့ဖြစ်သော ကွန်ဂရက်သည် ပြည်နယ်အစိုးရများကို၎င်း၊ ပြည်နယ်များမှ ဥပဒေပြုအဖွဲ့များကိုသော်လည်းကောင်း ဖျက်သိမ်းနိုင်ခွင့်မရှိချေ။
အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်တိုင်းမှ ဥပဒေပြုအဖွဲ့များသည် အချုပ်အခြာအာဏာပိုင်အဖွဲ့များပင်ဖြစ်၏။ ထို့ကြောင့် ပြည်နယ်ဥပဒေပြုအဖွဲ့တို့မှ ပြုလုပ်ပြဌာန်းလိုက်သော ဥပဒေများမှာ ကွန်ဂရက်မှပြုလုပ်သော ဥပဒေများကဲ့သို့ပင် ၎င်းတို့ဆိုင်ရာ ဆိုင်ရာပြည်နယ်များအတွင်း၌ တရားဝင်ဥပဒေအစစ်များပင်ဖြစ်လေသည်။
No comments:
Post a Comment