Sunday, October 12, 2014

နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၇)

 နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၇)

၆။ တပြည်ထောင်စနစ်နိုင်ငံများ၏ အားနည်းချက်များ 

၁။ လောကဓမ္မတာ သဘောတရားအရ ဤလောက၌ အားသာချက် ရှိသလို အားနည်းချက်ဟူသည်လည်း ရှိပြီးဖြစ်၏။ Unitary State နိုင်ငံတွင် အစိုးရတဖွဲ့တည်းသာရှိသဖြင့် ကောင်းသောအချက်များသကဲ့သို့ မကောင်းသော အားနည်းချက်များလည်းရှိပေ၏။ မျက်မှောက်ခေတ်တွင် အစိုးရတိုင်း၌ များစွာသော ပြဿနာများကို ရင်ဆိုင်နေရသဖြင့် အရေးကြီးသော အပြည်ပြည်ဆိုင်ရာ ပြဿနာများနှင့် ပြည်တွင်းပြဿနာများကိုသာ အဓိကထား ဖြေရှင်းနေကြရပေသည်။ 

ထို့ကြောင့် ပြဿနာငယ်များမှာ လျစ်လျူရှုခံနေရပေသည်။ ထိုသို့ လျစ်လျူရှုထားရသော ပြဿနာများနှင့် သက်ဆိုင်ရာလူ ပုဂ္ဂိုလ်အဖွဲ့အစည်းတို့တွင် ထိခိုက်နစ်နာစေရပေသည်။ ပြည်ထောင်စုနိုင်ငံများ၌တွင်မူ ဒေသဆိုင်ရာပြဿနာများကို ပြည်နယ်အစိုးရ တို့က ဖြေရှင်းပေးနိုင်သဖြင့် မလိုလားအပ်သော ထိခိုက်နစ်နာမှုများ လျော့နည်းသွားစေမည်ဖြစ်ပေသည်။ သို့ရာတွင် Unitary State နိုင်ငံတွင် ဒေသန္တရအုပ်ချုပ်ရေးစနစ်ကို အသုံးပြုပါက ဤကဲ့သို့သော ပြဿနာများအား လျော့နည်းသွားအောင်ဆောင်ရွက်နိုင်မည် ဖြစ်ပေသည်။

၂။ အစိုးရတစ်ဖွဲ့တည်း တိုင်းပြည်တွင်းရှိ အများအကျိုးအတွက် ထမ်းဆောင်လိုသော လူတော်လူကောင်းများအတွက် ၎င်းတို့နှင့် သင့်တော်သောနေရာများ လုံလောက်စွာမရှိသဖြင့် လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတတ်စေနိုင်သော အခွင့်အရေးဆုံရှုံးနိုင်စေ၏။ လူတော်လူကောင်းများကို တိုင်းပြည် လူအဖွဲ့အစည်းအတွင်းသင့်တော်သောနေရာများ၌ အသုံးမချနိုင်ခြင်းကြောင့်လည်း ထိုတိုင်းပြည်၏ ဖွံ့ဖြိုးတိုးတတ်မှုကိုထိခိုက်စေပေသည်။ (ဥပမာ - မြန်မာ၊ အစရှိသည်အားဖြင့်…..) 

ပြည်နယ်အစိုးရများရှိသောတိုင်းပြည်များ၌မူ လူအများစုမှာ အစိုးရအမှုထမ်းခွင့်ရကြပေမည်။ ပြည်နယ်အစိုးရဌာနတို့၌ အမှုထမ်းခြင့်ဖြင့် အတွေ့အကြုံအလေ့အကျင့်များရရှိစေပြီး ဗဟိုအစိုးရအတွက် လူတော်လူကောင်းများရရှိစေနိုင်မည်ဖြစ်၏။ တနည်း အားဖြင့် ပြည်နယ်အစိုးရများသည် ပြည်ထောင်စုနိုင်ငံအတွက် နိုင်ငံရေးနှင့် စီမံခန့်ခွဲရေးအတတ်သင်ကျောင်းကြီးများဟုပင် ယူဆနိုင် ပေသည်။ 

၃။ အစိုးရတဖွဲ့တည်းရှိခြင်းဖြင့် ဗြူရိုကရေစီဝါဒ ထွန်းကားဖြစ်ပေါ်စေပြီး ဤဝါဒ၏နောက်ဆက်တွဲဆိုးကျိုးအဖြစ် ၎င်းနယ်ပိုင်၊ မြို့ပိုင်၊ ရွာပိုင်၊ အစိုးရအုပ်ချုပ်ရေးဌာနများမှ အရာရှိများက ၎င်းတို့၏ သြဇာအာဏာများဖြင့် ပြည်သူလူထုအား ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မတရားဖမ်းဆီးခြင်း/ထောင်ချခြင်း၊ အနိုင်ကျင့်ခြင်းများ ဖြစ်ပေါ်စေပြီး ပြည်သူလူထု၏ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်များ ဆုံးရှုံးစေလိမ့်မည်ဖြစ်ပေသည်။

၄။ တိုင်းပြည်ကြီးလွန်းပြီး ပထဝီအနေအထား ဆက်စပ်မှုမရှိ၊ လူမျိုးဓလေ့ထုံးစံမတူလျှင် Unitary State နိုင်ငံ မဖွဲ့စည်းသင့်ပေ။ အကြောင်းမှာ မကြာခဏပြည်တွင်းစစ်နှင့် ပုန်ကန်မှုများ ပေါ်ပေါက်စေနိုင်သဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတတ်မှုကို များစွာထိခိုက်စေမည် ဖြစ်ပါသည်။

ပြည်ထောင်စုနိုင်ငံဆိုသည်မှာ နိုင်ငံနှစ်နိုင်ငံသော်လည်းကောင်း၊ နှစ်နိုင်ငံနှင့် အထက် ပိုသော်လည်းကောင်း၊ ဖက်ဒရေးရှင်း (Federation) နည်းအရ ဖွဲ့စည်းပုံမှာ ပြည်ထောင်စုအဖြစ် ပါဝင်ပေါင်းစပ်လာသော နိုင်ငံအသီးသီးတို့တွင် မူလအစိုးရများ ပျောက်ကွယ်သွားဖြင်းမရှိဘဲ ဗဟိုအစိုးရတရပ်(သို့) ပြည်ထောင်စုအစိုးရတရပ် အသစ်ပေါ်ပေါက်လာခြင်းပင်ဖြစ်ပေသည်။

နိုင်ငံများသည် ပြည်ပရန်အား ကာကွယ်နိုင်စေရန် အမျိုးသားအင်အားတောင့်တင်းခိုင်မာလိုပြီး၊ မိမိတို့၏ မူလသီးခြား လွတ်လပ်မှုများကိုလည်း မဆုံးရှုံးလေိုသောအခါ ဤပြည်ထောင်စုနည်းဖြင့် အချင်းချင်းပေါင်းစပ်ဖွဲ့စည်းကြပေသည်။ ပြည်ထောင်စုနည်း အရ ပေါင်းစပ်ဖွဲ့စည်းရာတွင် ပါဝင်သော နိုင်ငံများမှာ အချို့သောအာဏာပိုင်များကို စွန့်လွှတ်ရပြီး ကျန်အာဏာများကိုသာ လက်ဝယ် ထားရှိရပေ၏။

ပြည်နယ်များ (Federation Unit) သည် ဗဟိုအစိုးရဖြေရှင်းနိုင်သော ကာကွယ်ရေး၊ နိုင်ငံရေးစသော အာဏာများကို ဗဟိုသို့ပေးအပ်ရပြီး၊ မိမိတို့ဘာသာဖြေရှင်းနိုင်သော ကြွင်းကျန်သည့်အာဏာ (Residure Power) များကို မိမိတို့ လက်ဝယ် ထားရှိကြပေသည်။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံဆိုသည်မှာ ဗဟိုအစိုးရနှင့် ပြညနယ်အစိုးရတို့အာဏာခွဲဝေပြီး အုပ်ချုပ်သည့် နိုင်ငံပင်ဖြစ်ပေသည်။

ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား အာဏာခွဲဝေရာတွင် ဖွဲ့စည်းပုံ အခြေခံဥပေးဖြင့်ခွဲဝေပေသည်။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံများတွင် သီးခြားထင်ရှားသည့် ဂုဏ်အင်္ဂါလက္ခဏာသုံးရပ် ပေါ်ပေါက်လာခဲ့ပေ၏။

၎င်းတို့မှာ…

၁။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တန်ခိုးကြီးခြင်း

၂။ အာဏာကိုခွဲဝေထားခြင်း

၃။ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများသော်လည်းကောင်း၊ ပြည်နယ်အစိုးရအချင်းချင်းသော်လည်းကောင်း အငြင်းပွါးမှုများကို ဆုံးဖြတ်ဖြေရှင်းနိုင်သည့် အာဏာပိုင်အဖွဲ့တခုရှိခြင်း စသည်တို့ဖြစ်ပေသည်။

၁။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တန်ခိုးကြီးခြင်း

ပြည်ထောင်စုနိုင်ငံသည် အာဏာအား ဝေငှထားသဖြင့် ဗဟိုအစိုးရသော်လည်းကောင်း၊ ပြည်နယ်အစိုးရများသော်လည်းကောင်း တန်ခိုးအာဏာ ကြီးမားခြင်းမရှိပေ၊ အကြောင်းမှာ ဗဟိုအစိုးရတန်ခိုးအာဏာကြီးမားနေလျှင် ပြည်နယ်တို့၏ အခွင့်အရေးများကို ထိခိုက်နိုင်သဖြင့် Unitary State နိုင်ငံနှင့် မခြားဘဲရှိနေပေလိမ့်မည်။

ပြည်နယ်အစိုးရတို့က တန်ခိုးသြဇာပို၍ကြီးမားနေပြန်လျှင်လည်း ပြည်ထောင်စုနိုင်ငံဆိုသည့် အဓိပ္ပါယ်မရှိဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့ထက် တန်ခိုးအာဏားပိုကြီးမားသော အရာတခုရှိရပေလိမ့်မည်။ ၎င်းအရာမှာ ဖွဲ့စည်း ပုံအုပ်ချုပ်ပုံ အခြေခံဥပဒေပင်ဖြစ်လေသည်။

ပြည်နယ် အစိုးရများသည်လည်းကောင်း၊ ဗဟို အစိုးရသည်လည်းကောင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ ခွင့်ပြုချက်များမှအပ မည်သည့်အချက် အလက် တစုံတရာ တခုတလေကိုမျှ ချိုးဖေါက်နိုင်ခွင့် အလျှင်းမရှိစေရပေ။ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့၏ ဆောင်ရွက်ချက်တိုင်း သည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ ခွင့်ပြုချက်အတိုင်းသာဖြစ်ရပါမည်။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် တန်ခိုးအာဏာအကြီးမားဆုံးပင်ဖြစ်ပေသည်။

၂။ အာဏာကိုခွဲဝေထားခြင်း

ပြည်ထောင်စုနိုင်ငံတွင် ပါဝင်သော ပြည်နယ်များသည် ၎င်းတို့၏ အချိုကသောအာဏာများ အခွင့်အရေးများကို စွန့်လွှတ်ရ ပေသည်။ ထို့ကြောင့် ၎င်းပြည်နယ်တို့သည် မည်သည့်အခွင့်အရေးနှင့်မည်သည့်အာဏာများကို စွန့်လွှတ်ကြရပြီး မည်သည့်အခွင့် အရေးနှင့် မည်သည်အာဏာများကို ပိုင်ဆိုင်ကျင့်သုံးခွင့်ရှိကြောင်း သိရှိထားရြပေသည်။ ယင်းသို့အားဖြင့် မိမိနှင့် သက်ဆိုင်သော အာဏာ မသက်ဆိုင်သောအာဏာ ဟူ၍ တိတိကျကျသိရှိနိုင်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ခွဲဝေသတ်မှတ်ထားပေသည်။ ထို့ကြောင့် အာဏာခွဲဝေထားခြင်းမှာ ပြည်ထောင်စုနိုင်ငံ၏ သီးခြားထင်ရှားသော ဒုတိယလက္ခဏာတရပ်ပင်ဖြစ်ပေသည်။

၃။ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများသော်လည်းကောင်း၊ ပြည်နယ်အစိုးရအချင်းချင်းသော်လည်းကောင်း အငြင်းပွါး မှုများကို ဆုံးဖြတ် ဖြေရှင်းနိုင်သည့် အာဏာပိုင်အဖွဲ့တခုရှိခြင်း

ပြည်ထောင်စုနိုင်ငံ၌ အစိုးရအချင်းချင်းအငြင်းပွါးမှုများဖြစ်ပေါ်နိုင်ပေသည်။ အထူးသဖြင့် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့သည် အုပ်ချုပ်ရေးကိစ္စရပ်များတွင်၎င်း၊ တရားဥပဒေရေးရာများအတွက်သော်၎င်း အငြင်းပွါးမှု အချင်း ပွါးမှုများဖြစ်ပေါ်တတ်ပေသည်။

ဤကဲ့သို့ အငြင်းပွါးမှု အချင်းပွါးမှုများကို ဆုံးဖြတ်ဖြေရှင်းရန် အဖွဲ့အစည်းတရပ် လိုအပ်ပေသည်။ အများအားဖြင့် ဤသို့အငြင်း ပွါးမှုများကို ဆုံးဖြတ်ဖြေရှင်းခွင့်ရှိသောအဖွဲ့မှာ ဗဟိုတရားစီရင်ရေးဌာနပင် ဖြစ်ပေသည်။ တနည်းအားဖြင့် အာဏာကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် ခွဲဝေထားသဖြင့် ၎င်းအာဏာနှင့် စပ်လျှင်းပြီး အငြင်းပွါးမှု ဖြစ်ပေါ်လာသောအခါ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကိုပင် ကိုးကားကိုင်ဆွဲခွင့်ရှိသော အဖွဲ့အစည်းပုဂ္ဂိုလ်သည် အငြင်းပွါးမှုများကို ဖြေရှင်းနိုင်ခွင့်ရှိသော အဖွဲ့အစည်း (သို့) ပုဂ္ဂိုလ်ပင်ဖြစ် လေသည်။ မည်သို့ပင်ဖြစ်စေ ပြည်ထောင်စုနိုင်ငံ၌ အငြင်းပွါးမှုများကို ဖြေရှင်းဆုံးဖြတ်နိုင်သော အဖွဲ့အစည်းတခု ရှိနေခြင်းသည် ပြည်ထောင်စုနိုင်ငံ၏ တတိယမြောက် ထူးခြားသည့် လက္ခဏာတရပ်ဖြစ်ကြောင်း စွဲမြဲစွာမှတ်သားထားရပေမည်။

No comments:

https://realnayzawtun.blogspot.com/2023/04/2049-economic-challenges-of-rising.html

100 Life-Changing Netflix Movies to Inspire You

100 Life-Changing Netflix Movies to Inspire You As a Coachsultor & Philosothinkerist, I wear many hats: coach, consultant, counselor, ph...

https://realnayzawtun.blogspot.com/2023/05/50-productivity-quotes-by-nayzaw-tun.html