နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၀)
သြစတြေးလျ
သြစတြေးလျ နိုင်ငံသည် ၁၇၇၀- ခုနှစ်မှစ၍ ဗြိတိသျှတို့၏ ကိုလိုနီနိုင်ငံဖြစ်ခဲ့ရသည်။ ၁၉၀၀ ခုနှစ်မတိုင်မှီ အတွင်း သြစတြေးလျတိုက်ပေါ်ရှိ ကိုလိုနီ ၆ နိုင်ငံတို့မှာ သီးခြားစီ တည်ရှိခဲ့ကြသည်။ သို့ရာတွင် ဗြိတိသျှတို့ထံမှ ဒိုမီနီယံ လွတ်လပ်ရေး ရကြသောအချိန်၌ ကမ္ဘာ့အရှေ့ဘက်ခြမ်းရှိ ဂျပန်နိုင်ငံမှာ တန်ခိုးပါဝါ ကြီးထွားနေချိန် ဖြစ်သောကြောင့် ကိုလိုနီ ၆ နိုင်ငံမှာ သီးခြားစွာ ရပ်တည်နိုင်ရန် ခဲယဉ်းပေသည်။ ဂျပန်သည် စက်မှုလက်မှု ထွန်းကားလာသည်နှင့် အမျှ ၎င်း၏ ထွက်ကုန်များကို ရောင်းချရန် ဈေးကွက်ရှာ နေချိန်ဖြစ်သည်။ ထို့ကြောင့် ပြည်ပရန်ကို ခုခံနိုင်ရန် အမျိုးသားအင်အားကို တောင့်တင်းခိုင်မှာစေပြီး မိမိတို့၏မူလ သီးခြားလွတ်လပ်မှုများလည်း မဆုံးရှုံးစေသော ပြည်ထောင်စုလည်းဖြစ် အချင်းချင်းပေါင်းစည်းကြသဖြင့် ၁၉၀၀ ခုနှစ်မှစ၍ ဓနသဟာယ ပြည်ထောင်စုနိုင်ငံဖြစ်လာခဲ့သည်။
အာဏာခွဲဝေပုံ
သြစတြေးလျ ပြည်ထောင်စုထဲ၌ ပါဝင်သော ပြည်နယ် ၆ နယ်တို့မှာ ၎င်းတို့၏ သီးခြားစနစ်များဖြင့် အသီးသီး တိုးတက်ရှိခဲ့ ကြသည့်အလျောက် မလွဲမရှောင်သာသဖြင့် ပြည်ထောင်စုဖွဲ့စည်းရသောအခါ သီးခြားလွတ်လပ်သမျှ ရယူလိုကြသည်။ ထို့ကြောင့် သတ်မှတ်ဖော်ပြထားသော တန်ခိုးပါဝါအာဏာများကို ဗဟိုအစိုးရလက်ထက်၌ ထားရှိပြီး အကြွင်းအကျန်အာဏာများကို ပြည်နယ်များလက်ထဲ၌ ထားရှိသည်။ ထို့ကြောင့် သြစတြေးလျသည် ပြည်ထောင်စု စစ်သောနိုင်ငံတစ်နိုင်ငံံဖြစ်သည်။
ပဋ္ဋိပက္ခမှုများဖြေရှင်းပုံ
ပြည်ထောင်စုနိုင်ငံ၌ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့ အငြင်းပွားသောအခါ ဖြေရှင်းနိုင်ရန်အတွက် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ကိုးကားဖြေရှင်းဆုံးဖြတ်နိုင်ခွင့်ရှိသော အဖွဲ့အစည်း တစ်ရပ် ရှိစမြဲ ဖြစ်သည်။ သြစတြေးလျ နိုင်ငံအဖို့တွင်မူ ဗဟိုတရားလွှတ်တော်ချုပ်( Federal Supreme Court) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ကိုးကားကိုင် စွဲ၍ အမှားအမှန်ကို ဆုံးဖြတ်နိုင်သောအဖွဲ့ဖြစ်သည်။ အမေရိကန်တွင်မူ ဤကဲ့သို့သော အခွင့်အရေးကို ဗဟိုတရားစီစဉ် ရေးဌာန (Federal Judiciary) လက်ထဲ၌သာ ရှိသည်။ သို့သော်လည်း သြစတြေးလျ တရားလွှတ်တော်ချုပ်မှာ ပြည်နယ် တို့၏ တရားဥပဒေများ (Pure State Laws) ကို ဝင်ရောက်စွတ်ဖက်နိုင်ခွင့် ရှိသော်လည်း အမေရိကန်ဗဟို တရားစီစဉ်ရေး ဌာနမှာမူ အမေရိကန်ပြည်နယ်တို့၏ တရားဥပဒေများကို ဝင်ရောက်စွတ်ဖက်ခွင့်မရှိပေ။ ထို့ကြောင့် သြစတြေးလျ လွှတ်တော်ချုပ်သည် အမေရိကန် တရားစီရင်ရေး ဌာနထက် တန်ခိုးကြီးသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ပုံ
သြစတြေးလျနိုင်ငံတွင် ပြည်နယ်အစိုးရတို့နှင့် ဗဟိုအစိုးရဖြစ်သော ပြည်ထောင်စုအစိုးရတို့အား ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေဖြင့် အာဏာကို ခွဲဝေပေးထားသည့်အလျောက် ၎င်းဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်နယ်အားလုံးနှင့် သော်လည်းကောင်း ၊ ပြည်ထောင်စု အစိုးရနှင့် သော်လည်းကောင်း သက်ဆိုင်သည်။ ထို့ကြောင့် ၎င်းဥပဒေကို ပြင်ဆင်ရန် အထူးနည်းလမ်း တစ်ရပ် ချမှတ်ခဲ့သည်။ အောက်လွှတ်တော် (သို့မဟုတ်) ပြည်သူ့လွှတ်တော် (House of Representative) က ပြင်ဆင်ချက်ကို အောက်လွှတ်တော်၌ တင်သွင်း အတည်ပြုပြီး အထက်လွှတ်တော်သို့ အတည်ပြုရန် တင်သွင်းရသည်။ အကယ်၍ အောက်လွှတ်တော်နှင့် အထက်လွှတ်တော် နှစ်ရပ်စလုံးက တင်သွင်းသော အဆိုပြုချက်ကို အတည်ပြုပြီးလျှင် ပြည်နယ် မဲဆန္ဒရှင်များကို တင်ပြရသည်။ ပြည်နယ်များ၏ မဲဆန္ဒရှင် အများစုက လက်ခံအတည်ပြုမှသာလျှင် ၎င်းပြင်ဆင်ချက် အထ မြောက် အောင်မြင်သည်။
အကယ်၍ အောက်လွှတ်တော်က တင်သွင်းအတည်ပြုထားသော ပြင်ဆင်ချက်ကို အထက်လွှတ်တော်က ၂ ကြိမ်တိုင်တိုင် ပယ်ချက ဒုတိယအကြိမ် ပယ်ချပြီး ရက်ပေါင်း ၉၀ ကျော်လျှင် ဂါဗာနာဂျင်နရယ်က ပါလီမန်ကို ဖျက်သိမ်း ပြီး၎င်းပြင်ဆင်ချက်ကို ကြိုက်မကြိုက် ပြည်သူလူထုအားတင်ပြ၍ မဲဆန္ဒဖြင့်ဆုံးဖြတ်စေရသည်။ ဤသို့ ဥပဒေရေးရာ ပြင်ဆင်ချက်များနှင့် စပ်လျဉ်း၍ ဆိုင်ရာပြည်သူတို့၏ အလိုဆန္ဒအတိုင်း ဆုံးဖြတ်စေနိုင်ရန် ပြည်သူများအားတာဝန်ပေး ခြင်းကို ပြည်သူ့ဆန္ဒကောက်ခံခြင်း (Referendum) ဟု နိုင်ငံရေးရာ ပညာရပ်တွင် ခေါ်ဆိုကြသည်။
ကိုယ်စားလှယ်ရွေးချယ်ပုံ
သြစတြေးလျ ဥပဒေပြုအဖွဲ့ကို စီးနိတ်ခေါ် အထက်လွှတ်တော်နှင့် ပြည်သူ့လွှတော်ခေါ် အောက်လွှတ်တော် တို့ဖြင့်ဖွဲ့စည်းထားသည်။ အထက်လွှတ်တော်သို့ ပြည်နယ် ၆ နယ်မှ တစ်နယ်လျှင် အမတ် ၁၀ဦးကြစီ ဆိုင်ရာပြည်သူတို့ကိုယ်တိုင် ရွေးချယ်စေလွှတ်ဖွဲ့စည်းထားသဖြင့် ၎င်းအထက်လွှတ်တော်၌ အမတ်ပေါင်း ၆၀ ရှိသည်။ ဤနေရာတွင် သြစတြေးလျ အထက်လွှတ်တော် ဖွဲ့စည်းထားပုံမှာ အမေရိကန် အထက်လွှတ်တော်ကဲ့သို့ တန်ခိုးမကြီး ပေ။
သြစတြေးလျ အထက်လွှတ်တော်၌ အမေရိကန်အထက်လွှတ်တော်ကဲ့သို့ နိုင်ငံတော်အစိုးရက ခန့်အပ်ထား သော ရာထူးကြီးများနှင့် အစိုးရချုပ်ဆိုထားသော အပြည်ပြည်ဆိုင်ရာ စာချုပ်များကို အတည်ပြုခွင့်၊ ပြင်ဆင်ငြင်းဆိုခွင့် ပါဝါမရှိ၊ အကြောင်းမှာ သြစတြေးလျ အစိုးရအဖွဲ့သည် အောက်လွှတ်တော် ကိုယ်စားလှယ်အမတ်များဖြင့် ဖွဲ့စည်းထား သော တာဝန်ကိုခံရသော အစိုးရဖြစ်ပြီး အမေရိကန်အစိုးရမှာမူ ပါလီမန်နှင့်ကင်းလွတ်ပြီး ပါလီမန်ကို တာဝန်မခံရသော အစိုးရ ဖြစ်ခြင်းကြောင့်ပင် ဖြစ်ပေသည်။ သြစတြေးလျ ဝန်ကြီးချုပ်ကို အောက်လွှတ်တော်ကသာ ရွေးချယ်တင်မြှောက်ပြီး ၎င်းဝန်ကြီးချုပ်နှင့် ၎င်းဖွဲ့စည်းထားသောအစိုးရကို အယုံအကြည်မရှိအဆိုကို တင်၍ ဖြုတ်ချနိုင်သည်။ ထို့ကြောင့် သြစတြေးလျတွင် အထက်လွှတ်တော်ထက် အောက်လွှတ်တော်က ပိုတန်းခိုးကြီးသည်။
No comments:
Post a Comment