Wednesday, October 29, 2014

နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၂)

 နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၂)

ဆွစ်ဇာလန်ပြည်ထောင်စုJustify Full

ဆွစ်ဇာလန်ပြည်ထောင်စုမှာ ကင်တွန်းခေါ် ပြည်နယ် ၁၉ - ပြည်နယ်တို့၏ တဝက်စီဖြင့် ဖွဲ့စည်းထားသော်လည်း ကမ္ဘာပေါ်တွင် အလွန်ငယ်သော ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဂျာမဏီ ပြင်သစ်နှင့် အီတလီ စကားများပြောဆိုကြသော လူမျိုးများကို စုစည်းဖွဲ့ထားသော်လည်း ကမ္ဘာတွင် ဒီမိုကေရစီစနစ်ကို အောင်မြင်စွာ ကျင့်သုံးနိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။

သီးခြားသတ်မှတ်ထားသော အာဏာကို ဗဟိုအစိုးရလက်၌ထားပြီ ကျန်အာဏာများကို ပြည်နယ်များကို ရေးထားသဖြင့် ပြည်နယ်များသည် အာဏာအများစုကို ရရှိကာ လွတ်လပ်တန်ခိုးကြီး ရပေမည်။ သို့ရာတွင် လက်တွေပ၌ ဗဟိုအစိုးရမှာ လွန်စွာ တန်ခိုးကြီးနေပြန်သောကြောင့် ဆွစ်ဇာလန် ပြည်ထောင်စုမှာ ထူးဆန်း၍ နေပြန်သည်။

အမေရိကန်ပြည်ထောင်စုနှင့် သြစတေးလျ ပြည်ထောင်စုနိုင်ငံများတွင် ဗဟိုတရားလွှတ်တော် ချုပ်သည်သာလျှင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကိုင်စွဲ၍ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့၏ အငြင်းပွားမှု ပြဿနာများကို ဖြေရှင်းကြသည်။ ဆွစ်ဇာလန်နိုင်ငံ၏ ဗဟိုတရားရုံးလွှတ်တော်ချုပ်တွင်မူ ထိုကဲ့သို့သော တန်ခိုးပါဝါမရှိချေ။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကိုကားကိုင်စွဲခွင့်အာဏာကို ဗဟိုဥပဒေပြုအဖွဲ့ လက်သို့အပ်နှင်း ထားသည်။ ထို့ကြောင့် အကြွင်းအကျန် အာဏာများ ပြည်နယ်တို့ လက်ထဲ၌ ရှိသော်လည်း ဗဟိုအစိုးရသည် ပြည်နယ်တို့ထက် တန်ခိုးကြီးခြင်းဖြစ်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဗဟိုဥပဒေပြုအဖွဲ့ကသာ ကိုင်ဆွဲနိုင်ခြင်းရှိသောကြောင့် ဗဟိုအစိုးရနှင့် ပြည်နယ် အစိုးရသို့ ဥပဒေရေးရာများနှင့် စပ်လျဉ်းပြီးအငြင်းပွားလာလျှင် ဗဟို ဥပဒေ ပြူအဖွဲ့ကသာလျှင် ဆုံးဖြတ်ဖြေရှင်းပေလိမ့်မည်။ ယင်သို့သော အကြောင်းကြောင့် ဗဟိုအစိုးရသည် ပြည်နယ်တို့၏အခွင့်ရေးများကို ကျူးလွန်ထိပါးလာမည်ဟုထင်ရသည်။ သို့ရာတွင် ဆွစ်ဇာလန် အုပ်ချုပ် ရေးမှာ ပြည်သူတို့က အစိုးရအားတိုက်ရိုက်ကြိုးကိုင်နိုင်သောစံနစ် (Direct democratic Checks.) ကို အသုံးပြုထားသဖြင့် အစိုးရတစ်ဖွဲ့၏ အကျိုးစီးပွားကို တစ်ခြားအစိုးရတစ်ဖွဲ့က ထိပါးနိုင်စွမ်းမရှိကြောင်း တွေ့ရှိရသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပြင်ဆင်ပုံ

ဆွစ်ဇာလန်နိုင်ငံ၌ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရာတွင် နည်းလမ်းနှစ်ရပ်ကို အသုံး ပြုကြောင်းတွေ့ရှိရသည်။ ပထမနည်းမှာ ဗဟိုဥပဒေပြုအဖွဲ့က ပြင်ဆင်ချက်ကို လွှတ်တော်နှစ်ရပ်စလုံးက လက်ခံအတည်ပြုပြီးပါက ထိုပြင်ဆင်ချက်ကိုပြည်သူတို့ကသဘောတူမတူ ၊ ကြိုက်မကြိုက် သိရှိနိုင်စေရန် ပြည်သူလူထုကိုတင်ပြ၍ မဲဖြင့်ဆုံးဖြတ်စေရမည်။ ဤသို့ပြုလုပ်ခြင်းကို “ပြည်သူ့ဆန္ဒကောက်ခံခြင်း” (Referendum) ဟူ၍ ခေါ်ဆိုသည်။ ကင်တွန်ခေါ် ပြည်နယ်အများစုမှ ပြည်သူအများစုမက ထောက်ခံမဲပေးလျှင် လည်ကောင်း ပြင်ဆင်ချက်အတည်ပြုဖြစ်သည်။

ဒုတိယ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ရန်နည်းမှာ မဲဆန္ဒရှင် ၅၀၀၀၀ (ငါးသောင်း)တို့ကပြင်ဆင်လိုသော အချက်ကို ဗဟိုဥပဒေပြု အဖွဲ့အားတင်ပြတောင်းဆိုခြင်းပင်ဖြစ်သည်။ ဤနည်းကို “ပြည်သူ့ဆန္ဒတင်ပြချက်” (Initiative) ဟူ၍ခေါ်ဆိုသည်။

ဗဟိုဥပဒေပြုအဖွဲ့သည် မဲဆန္ဒရှင် (၅၀၀၀၀) တို့ကတောင်းဆိုသော “ပြည်သူ့ဆန္ဒတင်ပြချက်”ကို လက်ခံလျှင် ၎င်းတင်ပြချက်ကို ပြင်ဆင်ချက် ဥပဒေမူကြမ်း ပြုလုပ်၍ “ပြည်သူ့ှဆန္ဒ ကောက်ခံကြည့်ရသည်။ အကယ်၍ ပြည်နယ်အများစုမှ ပြည်သူအများစုက ထောက်ခံမဲပေးကြလျှင် ၎င်းပြင်ဆင်ချက်ကို အဆို အတည်ဖြစ်သည်။

အကယ်၍ “ပြည်သူ့ဆန္ဒတင်ပြချက်” ကိုဗဟိုအဖွဲပချုပ်က လက်မခံလျှင် ၎င်းပြည်သူ့ ဆန္ဒတင်ပြ ချက်ကို ပြည်သူ့ဆန္ဒကောက်ခံကြည့်ရသည်။ ပြည်နယ်အများစုမှ ပြည်သူအများက ၎င်းပြည်သူ့ဆန္ဒတင်ပြ ချက်ကို ထောက်ခံမဲပေးကြလျှင် ဗဟိုဥပဒေပြု အဖွဲ့သည် မဲဆန္ဒရှင် (၅၀၀၀၀) တို့ တောင်းဆိုသော ပြည်သူ့ ဆန္ဒတင်ပြချက်ကိုပြင်ဆင်ချက် ဥပဒေကြမ်းရေးဆွဲပြီး ဒုတိယအကြိမ် ပြည်သူ့ဆန္ဒကောက်ခံရသည်။

ဆွစ်ဇာလန်ပြည်တွင် ၁၈၃၈ ခုနှစ်နှင့် ၁၉၃၅ ခုနှစ်အကြားပြည်သူ့ ဆန္ဒကောက်ခံချက်ပေါင်း ၁၂၃ ကြိမ်ပြုလုပ်ခဲ့ရသည်ဟု ခန့်မှန်းရပြီး၊ ပြည်သူ့ဆန္ဒတင်ပြချက်ပေါင်း ၇၂ ရာခိုင်နှုန်းကို လက်ခံအတည်ပြုခဲ့ပြီး (၂၈)ရာခိုင်နှုန်းမျှသာ ပယ်ချခြင်းကို ထောက်ရှုပါက အုပ်ချုပ်ရေးရာကိစ္စရပ်များတွင် ပြည်သူတို့၏ အရေးပါအရာရောက်ကြောင်းကိုတွေ့ရှိရပေမည်။

ကိုယ်စားလှယ်ရွေးကောက်တင်မြှောက်ပုံ

ဆွစ်ဇာလန်နိုင်ငံ၌ လွှတ်တော်နှစ်ရပ်ရှိပြီး၊ အမျိုးသားလွှတ်တော်ခေါ်အထက်လွှတ်တော်ကို ပြည်နယ်များမှ အမတ်ပေါင်း“၄၄” ဦးဖြင့်ဖွဲ့စည်းထားသည်။ အညီအမျှကိုယ်စားလှယ် လွှတ်သော စံနစ်ကို မသုံးဘဲ၊ 0၁၉ပြည်နယ်တို့က နှစ်ဦးစီစေလွှတ်ပြီး ကျန်တဝက်စီရှိသည့် ၆ ပြည်နယ်တို့မှ တဦး စီသာ စေလွှတ်ရသည်။ ၎င်းပြင် ၄ ပြည်နယ်တို့သည် ၎င်းတို့ ကိုယ်စာလှယ်များအား ပြည်နယ်ဥပဒေပြုအဖွဲ့မှ ရွေးချယ်စေလွှတ်ပြီး ကျန်ပြည်နယ်များကမူ ပြည်သူများကရွေးကောက်စေလွှတ်သည်ကို တွေ့ရှိရသည်။ အထက်လွှတ်တော် အမတ်များ၏ သက်တမ်းမှာလည်း တပြည်နယ်နှင့်တပြည်နယ် မတူကြချေ။ တချို့ ပြည်နယ်အမှတ် သက်တမ်းမှာ ၄ နှစ်ဖြစ်ပြီး ၊ တချို့သောပြည်နယ်မှ အမတ်များ၏ သက်တမ်းမှာမူ တစ်နှစ်မျှသာဖြစ်သည်။

ပြည်ထောင်စုနိုင်ငံများရှိ အထက်လွှတ်တော်များ၏ တာဝန်မှာ အများအားဖြင့် ပြည်နယ်တို့၏ အခွင့်အရေးများကို ကာကွယ်ရန် ရည်ရွယ်၍ ဖွဲ့စည်းခြင်းဖြစ်သည်။ ထို့ကြောင့်ပင် အထက်လွှတ်တော် များကို ပြည်နယ်များ၏ အခွင့်အရေးများ ကာကွယ်နိုင်သောတန်ခိုးအာဏာများ ပေးအပ်ထားလေ့ရှိသည်။ ဆွစ်ဇာလန်ပြည်ထောင်စု အဘို့တွင်မူ ပြည်နယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် အထက်လွှတ်တော်ကို အာဏာများအပ်နှင်းထားရန်မလိုပေ။ အကြောင်းမှာ ဆွစ်ဇာလန ပြည်ထောင်စု ၌မည်သည့်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုမျှ “ပြည်သူ့ဆန္ဒကောက်ခံခြင်း” မပြု ဘဲပြင်ဆင်၍ မရသော ကြောင့်ပင်ဖြစ်သည်။

အခွန်ကောက်ခံပုံ

အကြွင်းအကျန် အာဏာသည် ပြည်နယ်တို့လက်ထဲ၌ရှိသောကြောင့် ဆွစ်ဇာလန်နိုင်ငံကို ပြည်ထောင်စု စစ်သောနိုင်ငံဟု ယူဆရမည်။ သို့ရာတွင် အခွန်ကောက်ခံရာ၌ ယူနီတရီ နိုင်ငံများကဲ့သို့ ကောက်ခံသည်ကို တွေ့ရှိရသည်။ အခွန်းများကို ဗဟိုအစိုးရကသာ ကောက်ခံပြီး ပြည်နယ်များကိုခွဲေ၀ ပေးသည်။

Monday, October 20, 2014

နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၁)

 နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၁)

ကနေဒါ ပြည်ထောင်စု

ကနေဒါ နိုင်ငံသည် ၁၆၈၀ ခုနှစ်မှ၍ ပြင်သစ်ကိုလိုနီဘဝဖြင့် နေလာခဲ့ရပြီး ၁၇၆၀-ခုနှစ်တွင်မူအင်္ဂလိပ်တို့က ပြင်သစ် လက်မှသိမ်းယူသဖြင့် ၎င်း ကနေဒါနိုင်ငံမှာ အင်္ဂလိပ်ကိုလိုနီနိုင်ငံ ဖြစ်ခဲ့ရပြန်သည်။ ၁၇၇၅- ခုနှစ်တွင် အမေရိကန်တို့ လွတ်လပ်ရေး စစ်ပွဲဆင်နွှဲ ၁၈၇၃ ခုနှစ်တွင်လွတ်လပ်ရေးရသွားသောအခါ ကနေဒါ သားတို့နိုးကြားထကြွလာကြသည်။ အင်္ဂလိပ်များအနေဖြင့်လည်း “တခါသောဘူးပျဉ်ဘိုးနားလည်” ထားသည့်အလျှောက် ကနေဒါလူမျိုးတို့၏ လွတ်လပ်ရေးစစ်ပွဲဆင်နွှဲမည့်အချိန်ကို မစောင့်ဘဲ ၁၈၆၇-ခုနှစ်တွင်ကနေဒါအား ဒိုမီနီယံလွတ်လပ်ရေး ပေးလိုက်သည်။

ကနေဒါနိုင်ငံလွတ်လပ်ရေး ရရှိသောအခါလူများစုက ယူနီတရီနိုင်ငံထူထောင်လိုကြ၏ သို့ရာတွင် တိုင်းပြည်၏ အာဏာအားလုံး လူများစုဖြစ်သော ကနေဒါသား အင်္ဂလိပ်လူမျိုးတို့လက်ထဲကျရောက်ပြီး၊ အင်္ဂလိပ်တို့က ချယ်လှယ်မည်ကို လူနည်းစုဖြစ်သော ကနေဒါသား ပြင်သစ်လူမျိုးတို့ကစိုးရိမ်ကြသည်၊ ကနေဒါပြည်ရှိ အခြားလူနည်းစု ဥရောပသားများကလည်း ယူတနရီ နိုင်ငံတည်ထောင်ခြင်းကိုမလိုလားကြချေ။ ထို့ကြောင့်ယူတရီနိုင်ငံ တည်ထောင်ခြင်းကိုမလိုလားကြချေ။ ထို့ကြောင့်ယူနှတရီနိုင်ငံမတည်ထောင်ဘဲ ပြည်ထောင်စုနိုင်ငံတည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ကနေဒါ ပြည်ထောင်စုနိုင်ငံသည်အမေရိကန် ပြည်ထောင်စုနိုင်ငံနှင့် လုံးဝမတူကြောင်းတွေ့ရှိရသည်။ ကနေဒါပြည်ထောင်စု ဖွဲ့စည်းချိန်တွင် အမေရိကန်၌ ငွေဝယ်ကျွန်များကိစ္စနှင့် စပ်လျဉ်းပြီး တောင်ပိုင်းပြည်နယ်တို့က ခွဲထွက်လိုမှုကြောင့်ဖြစ်ခဲ့ရသော အမေရကန်ပြည်တွင်းစစ်ပြီးစအချိန်ပင်ဖြစ်သည်။ ထို့ကြောင့်ကနေဒါသားတို့သည်၊ အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံ၏ ချွတ်ယွင်းချက်များကို သိရှိပြီ၊ အမေရိကန်၌ကျရောက်သော ပြည်တွင်းစစ်ဘေးရန်မျိုးမှကင်းရှင်း နိုင်သောနည်းမျိုးဖြင့် ပြည်ထောင်စုဖွဲ့စည်းခဲ့ခြင်းကြောင့် ကနေဒါပြည်ထောင်စုနှင့် အမေရိကန်ပြည်ထောင်စုတို့ မတူညီခြင်းဖြစ်သည်။

ကနေဒါ ပြည်ထောင်စုတွင် ရေးမှတ်ထားသောအာဏာကို ပြည်နယ်များလက်ထဲ၌ထားပြီး အကြွင်းအကျန် အာဏာ(ဝါ)ရေးမှတ်မထားသော အာဏာများကိုဗဟိုအစိုးရ လက်တွင်ထားရှိသည်။ ဤအချက်သည် အမေရိကန်နှင့်ဖြောင့် ဖြောင့်ဆန့်ကျင်သည်။

ကနေဒါ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေအနေဥပဒေအရ ဗဟိုတရားစီရင်ရေး ဌာနမှာတရားရုံးချုပ်ပင်ဖြစ်သည်၊ သို့ရာတွင် ၎င်းတရားရုံးချုပ်မှာ နောက်ဆုံးအယူခံဝင်ရာရုံးမျှသာဖြစ်သည်။ ဤအမေရိကန်တရားရုံးချုပ်ကဲ့ သို့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကိုကိုးကား ကိုင်စွဲခွင့်မရှိပေ။ ကနေဒါပြည်ထောင်စု၏ ဗဟိုဥပဒေပြုအဖွဲ့ (ပါလီမန်)သည် ပြည်နယ်တရားဥပဒေပြုအဖွဲ့တို့မှ ပြုစုလိုက်သော မည်သည့် တရားဥပဒေကိုမဆို ပယ်ချနိုင်သည်။ ထို့ကြောင့် ဥပဒေရေးရာမျာနှင့် စပ်လျဉ်းပြီး ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့ အငြင်းပွား အချင်းများစရာ အကြောင်းမရှိပေ။ ဤအချက်ကို ထောက်ရခြင်းဖြင့် ကနေဒါနိုင်ငံသည် ယူနီတရီနှင့် နီးစပ်ခြင်းတွေ့ရပေသည်။ ယင်းကဲ့သို့သော အကြောင်းများကြောင့် ကနေဒါနိုင်ငံကို ပြည်ထောင်စုမစစ်သော နိုင်ငံဟူ၍ မှတ်ယူကြသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ပုံ

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ ပြည်နယ်များ၌ အာဏာမရှိ၊ ဗဟိုအစိုးရ၌သာ ပြည်နယ်တို့၏ ကန့်ကွက်မဲမရှီပါက ပြင်ဆင်နိုင်ခွင့်ရှိသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပေးအရ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့ သဘောကွဲလွဲပြီး အငြင်းပွားတိုင်း ၎င်းအငြင်းပွားသည့်ပြဿနာကို အင်္ဂလိပ်ပါလီမန်သို့ တင်သွင်း၍ ဆုံးဖြတ်စေရသည်။ သို့ရာတွင် ယနေ့အထိ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်စပ်လျဉ်းပြီး ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့ သဘောကွဲလွဲခြင်းမရှိသဖြင့် ဗြိတိသျှပါလီမန်သို့ တကြိမ်တခါမျှ တင်ပြခဲ့ရခြင်း မရှိပေ။

ကိုယ်စားလှယ်ရွေးချယ်ပုံ

ကနေဒါဗဟိုအစိုးရ (ပြည်ထောင်စုအစိုးရ) တွင် စီးနိတ်ခေါ် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ဟူ၍ လွှတ်တော်နှစ်ခုရှိသည်။ ကနေဒါပြညထောင်စုနိုင်ငံသည် ပြည်နယ်ပေါင်း“၁၃”နယ်ကို ပေါင်း၍ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း အမေရိကန်နှင့်သြစတေးလျား နိုင်ငံများကဲ့သို့ အထက်လွှတ်တော်အမတ်များကို အညီအမျှ ရွေးချယ်ခြင်းမရှိကြောင်း တွေ့ရှိရသည်။ ပြည်နယ်များမှ ကိုယ်စားလှယ် အညီအမျှ ရွေးချယ် စေလွှတ်ခြင်း မဟုတ်သည့်အပြင် ပြည်သူများကလည်း ရွေးချယ်ရခြင်း မပြုရပေ။ ကနေဒါဂါဗာနာဂျင်နရယ်ကသာ ရာသက်ပန် ခန့်အပ်ခြင်းပြုသည်။ ထို့ကြောင့် အထက်လွှတ်တော်မှာ ပြည်သူ့ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းထားသော လွှတ်တော်မဟုတ်ပေ။

အောက်လွှတ်တော်ကိုပြည်နယ်လူဦးရေအလိုက် အချိုးကျရွေးကောက်စေလွှတ်သော အမတ်ပေါင်း(၃၀၈) ယောက် ဖြင့်ဖွဲ့စည်းထားသည်။ ဘဏ္ဍရေး၊ တရားဥပဒေရေးရာနှင့် စပ်လျဉ်းသော ကိစ္စရပ်များကို အောက်လွှတ်တော်ကသာ ဆောင်ရွက်သည့်အပြင် အစိုးရအဖွဲ့ကိုလည်း အောက်လွှတ်တော် ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းထားသည်။ ခေတ်သစ် ဒီမိုကရေစီနှင့် လျော်ညီစေရန် ပြည်သူ့ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အောက်လွှတ်တော်ကို အထက်လွှတ်တော်ထက် တန်ခိုးအာဏာပို၍ အပ်ထားခြင်းဖြစ်သည်။

(အခွန်ကောက်ခံပုံ)

ကနေဒါပြည်ထောင်စုသည် အမေရိကန်ပြည်ထောင်ကဲ့သို့ နှစ်ထပ်ကွမ်းအခွန်ကောက်သော စံနစ်ကို အသုံမပြုချေ။ အခွန်အားလုံးကို ပြည်ထောင်စုအစိုးရကသာ ကောက်ခံပြီး ရရှိသောအခွန်များကို ပြည်နယ်အစိုးရတို့အား ခွဲဝေပေးသည်။

Saturday, October 18, 2014

နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၀)

 နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၀)

သြစတြေးလျ

သြစတြေးလျ နိုင်ငံသည် ၁၇၇၀- ခုနှစ်မှစ၍ ဗြိတိသျှတို့၏ ကိုလိုနီနိုင်ငံဖြစ်ခဲ့ရသည်။ ၁၉၀၀ ခုနှစ်မတိုင်မှီ အတွင်း သြစတြေးလျတိုက်ပေါ်ရှိ ကိုလိုနီ ၆ နိုင်ငံတို့မှာ သီးခြားစီ တည်ရှိခဲ့ကြသည်။ သို့ရာတွင် ဗြိတိသျှတို့ထံမှ ဒိုမီနီယံ လွတ်လပ်ရေး ရကြသောအချိန်၌ ကမ္ဘာ့အရှေ့ဘက်ခြမ်းရှိ ဂျပန်နိုင်ငံမှာ တန်ခိုးပါဝါ ကြီးထွားနေချိန် ဖြစ်သောကြောင့် ကိုလိုနီ ၆ နိုင်ငံမှာ သီးခြားစွာ ရပ်တည်နိုင်ရန် ခဲယဉ်းပေသည်။ ဂျပန်သည် စက်မှုလက်မှု ထွန်းကားလာသည်နှင့် အမျှ ၎င်း၏ ထွက်ကုန်များကို ရောင်းချရန် ဈေးကွက်ရှာ နေချိန်ဖြစ်သည်။ ထို့ကြောင့် ပြည်ပရန်ကို ခုခံနိုင်ရန် အမျိုးသားအင်အားကို တောင့်တင်းခိုင်မှာစေပြီး မိမိတို့၏မူလ သီးခြားလွတ်လပ်မှုများလည်း မဆုံးရှုံးစေသော ပြည်ထောင်စုလည်းဖြစ် အချင်းချင်းပေါင်းစည်းကြသဖြင့် ၁၉၀၀ ခုနှစ်မှစ၍ ဓနသဟာယ ပြည်ထောင်စုနိုင်ငံဖြစ်လာခဲ့သည်။

အာဏာခွဲဝေပုံ

သြစတြေးလျ ပြည်ထောင်စုထဲ၌ ပါဝင်သော ပြည်နယ် ၆ နယ်တို့မှာ ၎င်းတို့၏ သီးခြားစနစ်များဖြင့် အသီးသီး တိုးတက်ရှိခဲ့ ကြသည့်အလျောက် မလွဲမရှောင်သာသဖြင့် ပြည်ထောင်စုဖွဲ့စည်းရသောအခါ သီးခြားလွတ်လပ်သမျှ ရယူလိုကြသည်။ ထို့ကြောင့် သတ်မှတ်ဖော်ပြထားသော တန်ခိုးပါဝါအာဏာများကို ဗဟိုအစိုးရလက်ထက်၌ ထားရှိပြီး အကြွင်းအကျန်အာဏာများကို ပြည်နယ်များလက်ထဲ၌ ထားရှိသည်။ ထို့ကြောင့် သြစတြေးလျသည် ပြည်ထောင်စု စစ်သောနိုင်ငံတစ်နိုင်ငံံဖြစ်သည်။

ပဋ္ဋိပက္ခမှုများဖြေရှင်းပုံ

ပြည်ထောင်စုနိုင်ငံ၌ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့ အငြင်းပွားသောအခါ ဖြေရှင်းနိုင်ရန်အတွက် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ကိုးကားဖြေရှင်းဆုံးဖြတ်နိုင်ခွင့်ရှိသော အဖွဲ့အစည်း တစ်ရပ် ရှိစမြဲ ဖြစ်သည်။ သြစတြေးလျ နိုင်ငံအဖို့တွင်မူ ဗဟိုတရားလွှတ်တော်ချုပ်( Federal Supreme Court) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ကိုးကားကိုင် စွဲ၍ အမှားအမှန်ကို ဆုံးဖြတ်နိုင်သောအဖွဲ့ဖြစ်သည်။ အမေရိကန်တွင်မူ ဤကဲ့သို့သော အခွင့်အရေးကို ဗဟိုတရားစီစဉ် ရေးဌာန (Federal Judiciary) လက်ထဲ၌သာ ရှိသည်။ သို့သော်လည်း သြစတြေးလျ တရားလွှတ်တော်ချုပ်မှာ ပြည်နယ် တို့၏ တရားဥပဒေများ (Pure State Laws) ကို ဝင်ရောက်စွတ်ဖက်နိုင်ခွင့် ရှိသော်လည်း အမေရိကန်ဗဟို တရားစီစဉ်ရေး ဌာနမှာမူ အမေရိကန်ပြည်နယ်တို့၏ တရားဥပဒေများကို ဝင်ရောက်စွတ်ဖက်ခွင့်မရှိပေ။ ထို့ကြောင့် သြစတြေးလျ လွှတ်တော်ချုပ်သည် အမေရိကန် တရားစီရင်ရေး ဌာနထက် တန်ခိုးကြီးသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ပုံ

သြစတြေးလျနိုင်ငံတွင် ပြည်နယ်အစိုးရတို့နှင့် ဗဟိုအစိုးရဖြစ်သော ပြည်ထောင်စုအစိုးရတို့အား ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေဖြင့် အာဏာကို ခွဲဝေပေးထားသည့်အလျောက် ၎င်းဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်နယ်အားလုံးနှင့် သော်လည်းကောင်း ၊ ပြည်ထောင်စု အစိုးရနှင့် သော်လည်းကောင်း သက်ဆိုင်သည်။ ထို့ကြောင့် ၎င်းဥပဒေကို ပြင်ဆင်ရန် အထူးနည်းလမ်း တစ်ရပ် ချမှတ်ခဲ့သည်။ အောက်လွှတ်တော် (သို့မဟုတ်) ပြည်သူ့လွှတ်တော် (House of Representative) က ပြင်ဆင်ချက်ကို အောက်လွှတ်တော်၌ တင်သွင်း အတည်ပြုပြီး အထက်လွှတ်တော်သို့ အတည်ပြုရန် တင်သွင်းရသည်။ အကယ်၍ အောက်လွှတ်တော်နှင့် အထက်လွှတ်တော် နှစ်ရပ်စလုံးက တင်သွင်းသော အဆိုပြုချက်ကို အတည်ပြုပြီးလျှင် ပြည်နယ် မဲဆန္ဒရှင်များကို တင်ပြရသည်။ ပြည်နယ်များ၏ မဲဆန္ဒရှင် အများစုက လက်ခံအတည်ပြုမှသာလျှင် ၎င်းပြင်ဆင်ချက် အထ မြောက် အောင်မြင်သည်။

အကယ်၍ အောက်လွှတ်တော်က တင်သွင်းအတည်ပြုထားသော ပြင်ဆင်ချက်ကို အထက်လွှတ်တော်က ၂ ကြိမ်တိုင်တိုင် ပယ်ချက ဒုတိယအကြိမ် ပယ်ချပြီး ရက်ပေါင်း ၉၀ ကျော်လျှင် ဂါဗာနာဂျင်နရယ်က ပါလီမန်ကို ဖျက်သိမ်း ပြီး၎င်းပြင်ဆင်ချက်ကို ကြိုက်မကြိုက် ပြည်သူလူထုအားတင်ပြ၍ မဲဆန္ဒဖြင့်ဆုံးဖြတ်စေရသည်။ ဤသို့ ဥပဒေရေးရာ ပြင်ဆင်ချက်များနှင့် စပ်လျဉ်း၍ ဆိုင်ရာပြည်သူတို့၏ အလိုဆန္ဒအတိုင်း ဆုံးဖြတ်စေနိုင်ရန် ပြည်သူများအားတာဝန်ပေး ခြင်းကို ပြည်သူ့ဆန္ဒကောက်ခံခြင်း (Referendum) ဟု နိုင်ငံရေးရာ ပညာရပ်တွင် ခေါ်ဆိုကြသည်။

ကိုယ်စားလှယ်ရွေးချယ်ပုံ

သြစတြေးလျ ဥပဒေပြုအဖွဲ့ကို စီးနိတ်ခေါ် အထက်လွှတ်တော်နှင့် ပြည်သူ့လွှတော်ခေါ် အောက်လွှတ်တော် တို့ဖြင့်ဖွဲ့စည်းထားသည်။ အထက်လွှတ်တော်သို့ ပြည်နယ် ၆ နယ်မှ တစ်နယ်လျှင် အမတ် ၁၀ဦးကြစီ ဆိုင်ရာပြည်သူတို့ကိုယ်တိုင် ရွေးချယ်စေလွှတ်ဖွဲ့စည်းထားသဖြင့် ၎င်းအထက်လွှတ်တော်၌ အမတ်ပေါင်း ၆၀ ရှိသည်။ ဤနေရာတွင် သြစတြေးလျ အထက်လွှတ်တော် ဖွဲ့စည်းထားပုံမှာ အမေရိကန် အထက်လွှတ်တော်ကဲ့သို့ တန်ခိုးမကြီး ပေ။

သြစတြေးလျ အထက်လွှတ်တော်၌ အမေရိကန်အထက်လွှတ်တော်ကဲ့သို့ နိုင်ငံတော်အစိုးရက ခန့်အပ်ထား သော ရာထူးကြီးများနှင့် အစိုးရချုပ်ဆိုထားသော အပြည်ပြည်ဆိုင်ရာ စာချုပ်များကို အတည်ပြုခွင့်၊ ပြင်ဆင်ငြင်းဆိုခွင့် ပါဝါမရှိ၊ အကြောင်းမှာ သြစတြေးလျ အစိုးရအဖွဲ့သည် အောက်လွှတ်တော် ကိုယ်စားလှယ်အမတ်များဖြင့် ဖွဲ့စည်းထား သော တာဝန်ကိုခံရသော အစိုးရဖြစ်ပြီး အမေရိကန်အစိုးရမှာမူ ပါလီမန်နှင့်ကင်းလွတ်ပြီး ပါလီမန်ကို တာဝန်မခံရသော အစိုးရ ဖြစ်ခြင်းကြောင့်ပင် ဖြစ်ပေသည်။ သြစတြေးလျ ဝန်ကြီးချုပ်ကို အောက်လွှတ်တော်ကသာ ရွေးချယ်တင်မြှောက်ပြီး ၎င်းဝန်ကြီးချုပ်နှင့် ၎င်းဖွဲ့စည်းထားသောအစိုးရကို အယုံအကြည်မရှိအဆိုကို တင်၍ ဖြုတ်ချနိုင်သည်။ ထို့ကြောင့် သြစတြေးလျတွင် အထက်လွှတ်တော်ထက် အောက်လွှတ်တော်က ပိုတန်းခိုးကြီးသည်။

Thursday, October 16, 2014

နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၉)

 နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၉)

အမေရိကန်ပြည်ထောင်စု

အင်္ဂလိပ်နှင့်ပြင်သစ်တို့သည် အမေရိကတိုက်၌လည်းကောင်း၊ အာရှရှိ အိန္ဒိယတိုက်ငယ်၌လည်းကောင်း ကိုလိုနီလုသော စစ်ပွဲကို ၁၇၅၆ မှစ၍ဆင်နွဲခဲ့ကြပေသည်။ ၁၇၆၃ တွင် ပြင်သစ်ကိုအင်္ဂလိပ်တို့က အနိုင်ရရှိခဲ့သဖြင့် အမေရိကတိုက်ပေါ်ရှိ နိုင်ငံ(၁၃) နိုင်ငံတို့မှာ အင်္ဂလိပ်တို့၏ ကိုလိုနီနိုင်ငံများဖြစ်လာခဲ့ပေသည်။

၁၇၇၅ ခုနှစ်တွင် သမ္မတကြီး ဂျော့ဝါရှင်တန်ဦးဆောင်၍ အမေရိကန်လွတ်လပ်ရေးစစ်ပွဲဆင်နွဲသဖြင့် ၁၇၇၆ ဇူလိုင်လ (၄) ရက်နေ့၌ အမေရိကန်လွတ်လပ်ရေးကြော်ငြာစာတမ်းအား အမေရိကန် ပန်းချီဆရာကြီး (Juhn Trumbull) မှ ဖတ်ကြားခဲ့ပြီး ၁၇၈၃ ခုနှစ်တွင် အမေရိကန်လွတ်လပ်ရေးအား အင်္ဂလိပ်နှင့် ပြင်သစ်တို့အားလုံးမှ အသိအမှတ်ပြုခဲ့ကြပေသည်။

ထို့နောက်အမေရိကန်ပြည်နယ် (၁၃) ပြည်နယ်မှ နိုင်ငံသားတို့ယခင်ကလွတ်လပ်ရေးရသည့်အထိ မိမိတို့၏ သီးခြားအစိုးရ ဓလေ့ထုံးစံများဖြင့် ရပ်တည်နေခဲ့ကြသော်လည်း လွတ်လပ်ရေးရပြီးသောအခါ “ နွားကွဲရင် ကျားစွဲမည့်” အရေးကိုလည်း နားလည်ကြ သည့် အလျောက် အချင်းချင်းပူးပေါင်းလိုကြပေသည်။

သို့ရာတွင် မုလအတိုင်းကိုယ့်မင်းကိုယ်ချင်း သီးခြားစွာရပ်တည်နေခြင်းဖြင့် အင်္ဂလိပ်တို့၏ ပြန်လည်လွှမ်းမိုးလာမည်ကို စိုးရိမ်သကဲ့သို့ အခြားတဖက်တွင်လည်း နှစ်ပြည့်တပြည်နည်းဖြင့် ပေါင်းစည်းလိုက်ပါက မိမိတို့၏ မူလသီးခြားလွတ်လပ်မှုများ၊ ဓလေ့ထုံးစံများ ဆုံးရှုံး ပျောက်ကွယ် သွားမည်ကိုလည်း မလိုလားကြပေ။

ထို့ကြောင့် အမျိုးသားအင်အားတိုးတတ်တောင့်တင်းမှုကိုလည်းရ၊ ဓလေ့ထုံးစံများလည်း မဆုံးရှုံးရသော ပြည်ထောင်စုနည်းဖြင့် အချင်းချင်းပေါင်းစပ်လိုက်ကြပေသည်။ ဤသို့အားဖြင့် (၁၃) ပြည်နယ်ဖြင့် စတင်ပေါင်းစပ်ဖွဲ့စည်းခဲ့သော အမေရိကန်ပြည်ထောင်စုတွင် ယခုအခါ ပြည်နယ်ပေါင်း (၅၀) ပါဝင်လျှက်ရှိကြောင်း တွေ့ရှိရပေသည်။

အမေရိကန် ပြည်ထောင်စုသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြင့် သတ်မှတ်ထားသော ပါဝါ (Specific Power) ကိုဗဟိုအစိုးရ လက်ထဲ၌ထားရှိပြီး ကျန်ရှိသော အကြွင်းအကျန် ပါဝါ(Reserve of Power)ကို ပြည်နယ်များလက်ထဲ၌ ထားရှိသဖြင့် ပြည်နယ်တို့သည် များစွာ လွတ်လပ်ကြပေသည်။ အကြွင်းအကျန် အာဏာမှာ သတ်မှတ်ထားသော အာဏာထက် ကြီးသောကြောင့် အကြွင်းအကျန် အာဏာ(သို့) ဖွဲ့စည်းအုပ်ပုံ အခြေခံဥပဒေဖြင့် သတ်မှတ်မထားသောပါဝါကို ပိုင်ဆိုင်သော ပြည်နယ်တို့သည် ဗဟိုအစိုးရထက် တန်ခိုးကြီးမားပြီး လွတ်လပ်ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုအား ပြည်ထောင်စုစစ်စစ် နိုင်ငံဟူ၍ သတ်မှတ် ကြပေသည်။

ပဋ္ဋိပက္ခများအားဖြေရှင်းပုံ

ပြည်ထောင်စုနိုင်ငံတိုင်း၌ အစိုးရတဖွဲ့ထက် ပိုများသောကြောင့် အစိုးရအချင်းချင်း အငြင်းပွါးမှုများ ဖြစ်ပေါ်နိုင်ပေသည်။ အထူးသဖြင့် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့သည် အုပ်ချုပ်ရေးကိစ္စရပ်များ၊ ဥပဒေရေးရာများနှင့် စပ်လျှင်းပြီး အငြင်းပွါးမှုများ ပေါ်ပေါက်နိုင်ပေသည်။

ဤသို့အငြင်းပွါး၍ ပဋ္ဋိပက္ခဖြစ်မှုကို ဖြေရှင်းရန်အတွက် ပုဂ္ဂိုလ် (သို့) အဖွဲကအစည်းတခု ရှိရပေမည်၊ အမေရိကန်တွင်မူ ဤကဲ့သို့သော ပဋ္ဋိပက္ခများကို ဗဟိုအစိုးရ၏ တရားစီရင်ရေးဌာန (Judiciary) မှ အမှား/အမှန်ကို ဆုံးဖြတ် ဖြေရှင်းပေသည်။ ထို့ကြောင့် ဗဟိုအစိုးရ၏ တရားစီရင်ရေးဌာနသည်သာလျှင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကိုးကားကိုင်စွဲကျင့်သုံးနိုင်သော အဖွဲကဖြစ်ကြောင်း မှတ်သားရပေမည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုပြင်ဆင်ပုံ

နိုင်ငံတိုင်း၌ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံသပဒေကို ပြင်ဆင်ရန် နည်းလမ်းသတ်မှတ်ထားသကဲ့သို့ အမေရိကန်ပြည်ထောင်စု တွင်လည်း သတ်မှတ်ထားပေသည်။ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်လိုလျှင် အနည်းဆုံးဗဟိုဥပဒေပြုအဖွဲ့၏ သုံးပုံနှစ်ပုံသော ပြည်နယ်များကသော်လည်းကောင်း၊ ပြင်ဆင်ချက်အဆို တင်သွင်းရန်အတွက် အထူးပါလီမန်အား ခေါ်ယူပေးရန် တောင်းဆိုရပေသည်။ တင်သွင်းသော ပြင်ဆင်ချက်အဆိုကို အနည်းဆုံးဗဟိုဥပဒေပြုအဖွဲ့ (ကွန်ဂရက်)၏ လေးပုံ သုံးပုံသော ကွန်ဂရက်အမတ်များမှ သဘောတူ ထောက်ခံမှသာ အတည်ပြုလေသည်။ ထို့ကြောင့် အမေရိကန်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပြင်ဆင်ရန်ခက်ခဲသော ဥပဒေဖြစ်ကြောင်းကိုလည်း မှတ်သားထားရပါမည်။

အထက်လွှတ်တော်အမတ်များအား ရွေးကောင်တင်မြှောက်ပုံ

အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ်(၅၀)အား စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည့်အလျောက် အထက်လွှတ်တော် Senate (ဆီးနိတ်) သို့ ပြည်နယ်တခုစီမှ ကိုယ်စားလှယ် နှစ်ဦးစီအား အညီအမျှစေလွှတ်၍ ဖွဲ့စည်းထားပေသည်။ ထို့ကြောင့် ဆီးနိတ် ခေါ် အထက်လွှတ်တော်တွင် ဆီးနိတ်တာ (Senator) ခေါ် အထက်လွှတ်တော်အမတ်ပေါင်း(၁၀၀)ရှိပေသည်။

သုံးပုံ တပုံသော အထက်လွှတ်တော်အမတ်များကို (၂) နှစ်ခြားတစ်ကြိမ် နှုတ်ထွက်စေပြီး အသစ်ပြန်လည် ရွေးကောက် တင်မြှောက်ပေသည်။ အထက်လွှတ်တော် ဆီးနိတ်တာ တယောက်၏ သက်တမ်းမှာ (၆)နှစ်ဖြစ်ပေသည်။ တနည်းအားဖြင့် (၆) နှစ် အမတ်သက်တမ်းပြည့်သော သုံးပုံတပုံ ဆီးနိတ်အမတ်များကိုသာ အသစ်ရွေးကောက်သဖြင့် ၎င်းအသစ်ရွေးချယ်သော အမတ်များထဲတွင် (၆) နှစ်သက်တမ်းရှိသော အမတ်ဟောင်းတဦးတလေမျှ ပြန်လည်အရွေးမခံရသည့်တိုင်အောင် လွှတ်တော်ထဲတွင်(၂)နှစ် သက်တမ်းရှိသော အမတ် သုံးပုံတပုံနှင့် (၄) နှစ်သက်တမ်းရှိသော အမတ်သုံးပုံတပုံ အမတ်များကျန် နေပေသည်။ ထို့ကြောင့် အထက် လွှတ်တော်၏ လုပ်ငန်းများမှာ အထစ်အငေါ့မရှိဘဲ ပြေပြစ်တွင်ကျယ်နိုင်စေပါသည်။

အထက်လွှတ်တော်အမတ်များကို ပြည်နယ်အစိုးရများက ရွေးချယ်စေလွှတ်ခြင်း မဟုတ်ပေ။ ပြည်နယ် ပြည်သူလူထုမှ တိုက်ရိုက် ရွေးကောင်စေလွှတ်ခြင်း ဖြစ်ပေသည်။ ဤသို့ အထက်လွှတ်တော်များကို ပြည်နယ်တိုင်း၌ သက်ဆိုင်ရာ ပြည်နယ်အသီးသီးရှိ ပြည်သူများမှ အညီအမျှ ရွေးကောက်စေလွှတ်ခြင်း ဖြစ်သောကြောင့်လည်းကောင်း၊ အထက်လွှတ်တော်ကို များစွာ တန်ခိုးအာဏာ အပ်နှင်းထားဖြစ်ပေသည်။ (၁၉၁၉) တွင် အမေရိကန်သမ္မတ ဝီလဆင် (Willison) ချုပ်ဆိုခဲ့သော ဗာဆေးစာချုပ်ကို ငြင်းဆိုသည့်အပြင် သမ္မတ ဝီလဆင်(Willison) ကိုယ်တိုင် အဆိုတင်သွင်း၍ ဖွဲ့စည်းခဲ့သော ကမ္ဘာ့နိုင်ငံ ပေါင်းချုပ်အသင်းကြီး (League of Nations) ထဲ၌ ပါဝင်ရန်ငြင် ဆိုခဲ့ပေသည်။ ဤအချက်ကို ထောက်ရှု့ခြင်းဖြင့် အထက်လွှတ်တော်သည် ကမ္ဘာပေါ်ရှိ အထက်လွှတ်တော်များထဲတွင် တန်ခိုးအကြီးဆုံး လွှတ်တော်တရပ် ဖြစ်ပေသည်။

အခွန်ကောက်ခံပုံ

အခွန်ကောက်ခံရာတွင် (၂) ထပ်ကွမ်းအခွန်စနစ် (Double Texation System) ကိုအသုံးပြုပေသည်၊ ဗဟိုအစိုးရသည် ၌၏ အသုံးစရိတ်အတွက် ၌ဘာသာသီးခြားအခွန်ကောက်ခံသကဲ့သို့ ပြည်နယ်တို့ကလည်း ၎င်းတို့ပြည်နယ်အစိုးရတို့အတွက် အခွန်ထမ်း ဆောင်ရသောကြောင့် ပြည်နယ်တိုင်းသည် အစိုးရအဖွဲ့(၂) ဖွဲ့အတွက် အခွန်ထမ်းဆောင်ကြရပေသည်။

Tuesday, October 14, 2014

နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၈)

 နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၈)

ပြည်ထောင်စုနိုင်ငံအမျိုးမျိုး

ပြည်ထောင်စုနိုင်ငံများကို အမျိုးအစားခွဲကြည့်လျှင် အကြမ်းအားဖြင့် ပြည်ထောင်စုစစ်စစ်နိုင်ငံ (Highly Federalised State) နှင့် တပြည်ထောင်စနစ်နှင့်တူသော ပြည်ထောင်စုနိုင်ငံ (None Highly Federalised State) ဟူ၍နှစ်မျိုးခွဲခြားနိုင်ပေသည်။

သို့ရာတွင် ပြည်ထောင်စုစစ်စစ်နိုင်ငံအချင်းချင်းသော်လည်းကောင်း၊ တပြည်ထောင်စနစ်နှင့်တူသော ပြည်ထောင်စုနိုင်ငံအချင်း ချင်းသော်လည်းကောင်း မသိမသာခွဲပြားခြားနားမှုများ ရှိပေသည်။ ဤကဲ့သို့ ပြည်ထောင်စုနိုင်ငံများ တနိုင်ငံနှင့်တနိုင်ငံ မတူကွဲပြားပုံတို့ကို တိကျစွာသိလိုလျှင် အောက်ပါမေးခွန်းများကို ဖြေဆိုကြည့်ရပါမည်။

၁။ အာဏာအား မည်ကဲ့သို့ခွဲဝေထားသနည်း။

၂။ပြည်ထောင်စုအတွင်း၌ ပါဝင်ကြသော ပြည်နယ်အချင်းချင်းသော်လည်းကောင်း၊ ဗဟိုအစိုးရနှင့် ပြည်နယ်တို့သော်လည်း ကောင်း အချင်းများ အငြင်းပွါးပါက မည်သည့်အဖွဲ့ မည်သည့်ပုဂ္ဂိုလ်က ဖြေရှင်းပေးသနည်း။

၃။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မည်သို့ပြင်ဆင်သနည်း။

၄။ပြည်နယ် အသီးသီးတို့သည် ဗဟိုအစိုးရ ဥပဒေပြုအဖွဲ့သို့ မည်ကဲ့သို့ ကိုယ်စားလှယ်များ စေလွှတ်ကြပါသနည်း။

၅။ အခွန်အား မည်ကဲ့သို့ကောက်ခံသနည်း။

၆။အုပ်ချုပ်ရေးဌာနတွင် မည်သည့်ပုဂ္ဂိုလ်သည် အကြီးဆုံး ဖြစ်သနည်း။ ၎င်းအား မည်ကဲ့သို့ ရွေးကောက် တင်မြှောက်သနည်း။

ဟူသော မေးခွန်းများအား စစ်မေးလေ့လာရန်လိုအပ်ပေလိမ့်မည်။

၁။ အာဏာအား မည်ကဲ့သို့ခွဲဝေထားသနည်း။

ပြည်ထောင်စုနိုင်ငံများ၌ အာဏာအားဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများတို့အား ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ခွဲဝေပေးအပ်ထား ကြောင်း အထက်စာများ၌ဆိုခဲ့ပါပြီ၊ တခါတရံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၌ ဗဟိုအစိုးရ၏ပိုင်ဆိုင်သော အာဏာများကို သတ်မှတ် ဖေါ်ပြထားခြင်းမပြုသော အကြွင်းအကျန်အာဏာများကို ပြည်နယ်များအတွက်ချန်လှပ်ထားလေ့ရှိပေသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ၌ သတ်မှတ်ဖေါ်ပြထားခြင်းမရှိသော အာဏာများကို အကြွင်းအကျန်အာဏာများ (Reserve of Power) ဟူ၍ခေါ်ပါသည်။ ၎င်းအကြွင်းအကျန်အာဏာသည် သတ်မှတ်ဖေါ်ပြထားသော အာဏာထက်ပိုကြီးကြောင်း သေချာစွာမှတ်သားထားရန်လိုပါသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ မည်သည့်အာဏာများသည် ဗဟိုအစိုးရနှင့် သက်ဆိုင်သည်ဟူ၍ သတ်မှတ်ဖေါ်ပြထားပါက အကြွင်းအကျန်အာဏာများမှာ ပြည်နယ်များလက်ဝယ်တွင်ရှိသည်ဟု မှတ်ယူရပါသည်။ အပြန်အားအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အချို့သော တန်ခိုးအာဏာများကို ပြည်နယ်တို့အတွက် သတ်မှတ်ဖေါ်ပြထားလျှင် အကြွင်းအကျန်အာဏာတို့သည် ပြည်ထောင်စု အစိုးရ (သို့) ဗဟိုအစိုးရလက်ထဲ၌ ရှိကြောင်းနားလည်ထားရပါမည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ သတ်မှတ်ဖေါ်ပြမထားသော အကြွင်းအကျန်အာဏာများသည် သတ်မှတ်ဖေါ်ပြထားသော အာဏာထက်ပို၍ကြီးပေသည်။ ထို့ကြောင့် အကြွင်းအကျန်အာဏာများကို လက်ခံရရှိသော အစိုးရအဖွဲကသည် သတ်မှတ်ဖေါ်ပြထား သော အာဏာကိုရရှိသည့် အစိုးရထက်တန်ခိုးအာဏာပို၍ကြီးပေသည်။

ဥပမာအားဖြင့် ဗဟိုအစိုးရအား ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် အကြွင်းအကျန်အာဏာများကို အပ်နှင်းထားပါက ဗဟို အစိုးရ၏ တန်ခိုးအာဏာသည် ပြည်နယ်အစိုးရထက်ပိုကြီးပေသည်။ အကယ်၍ ပြည်နယ်တို့မှ ၎င်းအကြွင်းအကျန်အာဏာကို ပိုင်ဆိုင်ခွင့် ရပါက ပြည်နယ်တို့သည် ဗဟိုအစိုးရထက် တန်ခိုးအာဏာပို၍ကြီးကြောင်း မှတ်ယူရပေသည်။

အကျိုးသက်ရောက်မှု

ဗဟိုအစိုးရမှ အကြွင်းအကျန်အာဏာကို ပိုင်ဆိုင်ခွင့်ရသော်…

၁။ ဗဟိုအစိုးရသည် ပြည်နယ်အစိုးရထက် တန်ခိုးအာဏာပိုကြီးသည်။

၂။ ပြည်နယ်များလွတ်လပ်ခြင်းမရှိဘဲ ဗဟိုအစိုးရ၏ ချုပ်ချယ် ချယ်လှယ်ခြင်းကို ခံရနိုင်ပါသည်။

၃။ ထိုကဲ့သို့သော နိုင်ငံမျိုးကို ပြည်ထောင်စုစစ်စစ်နိုင်ငံဟု မဆိုအပ်ပေ။

ပြည်နယ်များမှ အကြွင်းအကျန်အာစာအား ပိုင်ဆိုင်ခွင့်ရသော်….

၁။ ပြည်နယ်အစိုးရများသည် ဗဟိုအစိုးရထက် တန်ခိုးအာဏာပိုကြီးပါသည်။

၂။ ပြည်နယ်များ လွတ်လပ်ခြင်းရှိ၍ ဗဟိုအစိုးရ၏ အာဏာအား အလွဲသုံးစားပြုလုပ်ခြင်းမရှိနိုင်စေရန် ထိန်းချုပ်ထားနိုင်သည်။

၃။ ထိုကဲ့သို့သော နိုင်ငံမျိုးကို ပြည်ထောင်စုစစ်စစ် နိုင်ငံဟု ခေါ်ဆိုနိုင်ပါသည်။

အမေရိကန်၊ သြစတြေးလျှနှင့် ဆွစ်ဇာလန်နိုင်ငံတို့တွင် အကြွင်းအကျန်အာဏာများမှာ ပြည်နယ်တို့၏ လက်ဝယ်၌ရှိပေသည်။ ထို့ကြောင့် ပြည်နယ်များမှာ များစွာလွတ်လပ်၍ လူတဦးချင်းစီ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို အပြည့်အ၀ အကာအကွယ် ပေးနိုင် ပေသည်။ ထိုသို့သောနိုင်ငံများကို ပြည်ထောင်စုစစ်စစ် နိုင်ငံဟုခေါ်ဆိုပါသည်။

ကနေဒါနိုင်ငံတွင်မူ အကြွင်းအကျန်အာဏာများကို ဗဟိုအစိုးရမှ ရရှိထားသောကြောင့် ပြည်နယ်အစိုးရတို့သည် များစွာ လွတ်လပ်ခြင်းမရှိပေ။ ထို့ကြောင့်ကနေဒါနိုင်ငံမျိုးအား ပြည်ထောင်စုစစ်စစ်နိုင်ငံဟု မဆိုအပ်ပါပေ။

၂။ ပြည်ထောင်စုအတွင်း၌ ပါဝင်ကြသော ပြည်နယ်အချင်းချင်းသော်လည်းကောင်း၊ ဗဟိုအစိုးရနှင့် ပြည်နယ်တို့သော် လည်းကောင်း အချင်းများ၊ အငြင်းပွါးပါက မည်သည့်အဖွဲ့၊ မည်သည့်ပုဂ္ဂိုလ်က ဖြေရှင်းပေးသနည်း။

ပြည်ထောင်စုနိုင်ငံများသည် ရှိသမျှသော နိုင်ငံတော်အာဏာများကို ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအား ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် ခွဲဝေပေးထားပေသည်။ ထို့ကြောင့် နိုင်ငံတော်အာဏာကို သုံးစွဲရာတွင် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား အငြင်းပွါး အချင်းများမှုများရှိလာပါက ၎င်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကိုးကား၍ဖြေရှင်းပေးရပေသည်။ ထို့ကြောင့် ၎င်းအငြင်းပွါး မှုအချင်းများမှုများကို ဆုံးဖြတ်ဖြေရှင်းနိုင်ခွင့်ရှိသူသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကိုးကားကိုင်စွဲခွင့်ရှိသူပင်ဖြစ်ပေသည်။

များသောအားဖြင့် ဗဟိုအစိုးရ၏ တရားစီရင်ရေးဌာနက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကိုးကား၍ အမှားအမှန်အား ဆုံးဖြတ် ဖြေရှင်းစေပါသည်။ သို့ရာတွင် ဗဟိုအစိုးရ၏ တရားစီရင်ရေးဌာနများသည် တခုနှင့်တခု တန်ခိုးအာဏာချင်းမတူညီကြပေ။ 

ဥပမာအားဖြင့်…

အမေရိကန်ဗဟိုတရားစီရင်ရေးဌာနသည် အမေရိကန်ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေကို ကိုင်စွဲပိုင်ခွင့်ရှိသော်လည်း ပြည်နယ် တရားဥပဒေများကို ဝင်ရောက်စွတ်ဖက်ချယ်လှယ်ခွင့်မရှိပေ။ သြစတြေးလျှနိုင်ငံမှ ဗဟိုတရားစီရင်ရေးဌာနမှာမူ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကိုင်စါဲခွင့်ရှိသည့်အပြင် ပြည်နယ်တို့၏ တရားဥပဒေများကိုလည်း ဝင်ရောက်စွတ်ဖက်ပိုင်ခွင့်ရှိလေသည်။

ကနေဒါ ဗဟိုတရားစီရင်ရေးဌာနသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပင် ကိုင်စွဲကိုးကားခွင့်ပင် မရှိကြောင်း တွေ့ရှိရပြန်ပါ သည်။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံအချင်းချင်းအား နှိုင်းယှဉ်လေ့လာသောအခါ ဗဟိုအစိုးရတရားစီရင်ရေးဌာန၏ တန်ခိုးအာဏာကို ယှဉ်ကြည့်လေ့လာရပေသည်။

၃။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မည်သို့ပြင်ဆင်သနည်း။

ပြည်ထောင်စုနိုင်ငံဟူသည် အထက်စာများ၌ဖေါ်ပြခဲ့သလို နိုင်ငံငယ်အချင်းချင်း ပြည်ထောင်စုနည်းဖြင့် ပေါင်းစည်းထားခြင်းဖြစ် ပေသည်။ တနည်းအားဖြင့် ပေါင်းစည်းရာတွင် ပါဝင်သောနိုင်ငံတိုင်းက မိမိတို့၏ မူလသီးခြားစီရှိသော လွတ်လပ်ခွင့်များကို မဆုံးရှုံး စေလိုသောကြောင့် Unitary State ခေါ် နှစ်ပြည့် တပြည် ပေါင်းစည်းခြင်းမျိုးဖြင့် မပေါင်းစပ်ဘဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖြင့် အာဏာအရပ်ရပ်တို့ကို ခွဲဝေယူသောနည်းဖြင့် ပေါင်းစပ်ထားခြင်းဖြစ်ပေသည်။

ထို့ကြောင့် ၎င်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ပြင်ဆင်ရန်အာဏာကို ဗဟိုအစိုးရတွင်သော်လည်းကောင်း၊ ပြည်နယ် အစိုးရတွင်သော်လည်းကောင်း ထားရှိပါက အဓိပ္ပါယ်မရှိဖြစ်သွားပေလိမ့်မည်။

အကြောင်းမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား ပြင်ဆင်ရန် နည်းလမ်းတရပ်ကို သတ်မှတ် ပေးထားရပေသည်။ ထိုသို့ သတ်မှတ်ထားသော် နည်းလမ်းများမှာလည်း တနိုင်ငံနှင့်တနိုင်ငံ မတူညီကြပေ။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံတို့၏ ကွဲပြားခြားနားချက် ကိုသိလိုလျှင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ပြင်ဆင်သောနည်းလမ်းများကို လေ့လာရပေသည်။

၄။ပြည်နယ် အသီးသီးတို့သည် ဗဟိုအစိုးရဥပဒေပြုအဖွဲ့သို့ မည်ကဲ့သို့ ကိုယ်စားလှယ်များ စေလွှတ်ကြပါသနည်း။

ပြည်ထောင်စုနိုင်ငံရှိ ဗဟိုဥပဒေပြုရေးဌာန တနည်းအားဖြင့် (ပါလီမန်) (လွှတ်တော်) ကိုပြည်နယ်တို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံအချင်းချင်း ကွဲလွဲကုံကိုသိလိုလျှင် ပြည်နယ်များမှ ဗဟိုဥပဒေပြုဌာနသို့ ကိုယ်စားလှယ်လွှတ်သော အချိုးအစားကို လေ့လာရမည်ဖြစ်ပေသည်။

၅။ အခွန်အား မည်ကဲ့သို့ကောက်ခံသနည်း။

ပြည်ထောင်စုနိုင်ငံမျာတွင် အခွန်ကောက်ခံရာ၌ တနိုင်ငံနှင့်တနိုင်ငံမတူညီကြပေ။ အချို့နိုင်ငံများတွင် ဗဟိုအစိုးရမှ ကောက်ခံ၍ ပြည်နယ်အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားအတွက် သုံးစွဲရန်ခွဲဝေသတ်မှတ်ပေးပြီး၊ အချို့နိုင်ငံများတွင် ပြည်နယ်အစိုးရ မိမိတို့ဘာသာ မိမိတို့ပြည်နယ်အတွင်းကောက်ခံ၍ ဗဟိုအစိုးရအား တချို့တဝက်ပေးကာ ပြည်ထောင်စုအုပ်ချုပ်ရေးစနစ်ကို လည်ပတ်စေလေသည်။

အချို့ပြည်ထောင်စုနိုင်ငံများမှာမူ အခွန်နှစ်ထပ်စနစ်ကျင့်သုံး၍ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့သည် မိမိတို့အသုံးစရိတ်ကို သီးခြားစီကောက်ခံပေသည်။ များသောအားဖြင့် ပြည်ထောင်စုစစ်သော နိုင်ငံများသည် သီးခြားစီအခွန်ကောက်ခံ၍ ပြည်ထောင်စု မစစ် သော နိုင်ငံများမှာမူ ဗဟိုအစိုးရမှ တိုက်ရိုက်ကောက်ခံ၍ ပြည်နယ်အစိုးရများသို့ ခွဲဝေပေးသောစနစ်မျိုးကို ကျင့်သုံးကြောင်း မှတ်သား ရပေမည်။

၆။ အုပ်ချုပ်ရေးဌာနတွင် မည်သည့်ပုဂ္ဂိုလ်သည် အကြီးဆုံးဖြစ်သနည်း။

အမေရိကန်ပြည်ထောင်စုတွင် အုပ်ချုပ်ရေးအကြီးအကဲမှာ သမ္မတဖြစ်ပြီး၊ ကနေဒါ၊ သြစတြေးလျှ၊ ဗြိတိန်၊ ဂျာမဏီ၊ အိန္ဒိယ၊ စသောနိုင်ငံများ၏ အကြီးအကဲမှာ ဝန်ကြီးချုပ်ဖြစ်ပေသည်။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံများပင် ဖြစ်သော်လည်း နိုင်ငံအား အုပ်ချုပ် သော အကြီးအကဲတို့အား ရွေးချယ်ရာ၌ ရွေးချယ်ခန့်အပ်တာဝန်ပေးပုံချင်းတို့မှာ တူညီခြင်းမရှိပါပေ။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံ များ၏ ဤအာဏာပိုင်အုပ်ချုပ်ရေး အကြီးအကဲအား မည်သို့ရွေးကောက်တင်မြှောက်သည် ဆိုသည်ကို လေ့လာ ထားရပေမည်။

Sunday, October 12, 2014

နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၇)

 နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၇)

၆။ တပြည်ထောင်စနစ်နိုင်ငံများ၏ အားနည်းချက်များ 

၁။ လောကဓမ္မတာ သဘောတရားအရ ဤလောက၌ အားသာချက် ရှိသလို အားနည်းချက်ဟူသည်လည်း ရှိပြီးဖြစ်၏။ Unitary State နိုင်ငံတွင် အစိုးရတဖွဲ့တည်းသာရှိသဖြင့် ကောင်းသောအချက်များသကဲ့သို့ မကောင်းသော အားနည်းချက်များလည်းရှိပေ၏။ မျက်မှောက်ခေတ်တွင် အစိုးရတိုင်း၌ များစွာသော ပြဿနာများကို ရင်ဆိုင်နေရသဖြင့် အရေးကြီးသော အပြည်ပြည်ဆိုင်ရာ ပြဿနာများနှင့် ပြည်တွင်းပြဿနာများကိုသာ အဓိကထား ဖြေရှင်းနေကြရပေသည်။ 

ထို့ကြောင့် ပြဿနာငယ်များမှာ လျစ်လျူရှုခံနေရပေသည်။ ထိုသို့ လျစ်လျူရှုထားရသော ပြဿနာများနှင့် သက်ဆိုင်ရာလူ ပုဂ္ဂိုလ်အဖွဲ့အစည်းတို့တွင် ထိခိုက်နစ်နာစေရပေသည်။ ပြည်ထောင်စုနိုင်ငံများ၌တွင်မူ ဒေသဆိုင်ရာပြဿနာများကို ပြည်နယ်အစိုးရ တို့က ဖြေရှင်းပေးနိုင်သဖြင့် မလိုလားအပ်သော ထိခိုက်နစ်နာမှုများ လျော့နည်းသွားစေမည်ဖြစ်ပေသည်။ သို့ရာတွင် Unitary State နိုင်ငံတွင် ဒေသန္တရအုပ်ချုပ်ရေးစနစ်ကို အသုံးပြုပါက ဤကဲ့သို့သော ပြဿနာများအား လျော့နည်းသွားအောင်ဆောင်ရွက်နိုင်မည် ဖြစ်ပေသည်။

၂။ အစိုးရတစ်ဖွဲ့တည်း တိုင်းပြည်တွင်းရှိ အများအကျိုးအတွက် ထမ်းဆောင်လိုသော လူတော်လူကောင်းများအတွက် ၎င်းတို့နှင့် သင့်တော်သောနေရာများ လုံလောက်စွာမရှိသဖြင့် လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတတ်စေနိုင်သော အခွင့်အရေးဆုံရှုံးနိုင်စေ၏။ လူတော်လူကောင်းများကို တိုင်းပြည် လူအဖွဲ့အစည်းအတွင်းသင့်တော်သောနေရာများ၌ အသုံးမချနိုင်ခြင်းကြောင့်လည်း ထိုတိုင်းပြည်၏ ဖွံ့ဖြိုးတိုးတတ်မှုကိုထိခိုက်စေပေသည်။ (ဥပမာ - မြန်မာ၊ အစရှိသည်အားဖြင့်…..) 

ပြည်နယ်အစိုးရများရှိသောတိုင်းပြည်များ၌မူ လူအများစုမှာ အစိုးရအမှုထမ်းခွင့်ရကြပေမည်။ ပြည်နယ်အစိုးရဌာနတို့၌ အမှုထမ်းခြင့်ဖြင့် အတွေ့အကြုံအလေ့အကျင့်များရရှိစေပြီး ဗဟိုအစိုးရအတွက် လူတော်လူကောင်းများရရှိစေနိုင်မည်ဖြစ်၏။ တနည်း အားဖြင့် ပြည်နယ်အစိုးရများသည် ပြည်ထောင်စုနိုင်ငံအတွက် နိုင်ငံရေးနှင့် စီမံခန့်ခွဲရေးအတတ်သင်ကျောင်းကြီးများဟုပင် ယူဆနိုင် ပေသည်။ 

၃။ အစိုးရတဖွဲ့တည်းရှိခြင်းဖြင့် ဗြူရိုကရေစီဝါဒ ထွန်းကားဖြစ်ပေါ်စေပြီး ဤဝါဒ၏နောက်ဆက်တွဲဆိုးကျိုးအဖြစ် ၎င်းနယ်ပိုင်၊ မြို့ပိုင်၊ ရွာပိုင်၊ အစိုးရအုပ်ချုပ်ရေးဌာနများမှ အရာရှိများက ၎င်းတို့၏ သြဇာအာဏာများဖြင့် ပြည်သူလူထုအား ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မတရားဖမ်းဆီးခြင်း/ထောင်ချခြင်း၊ အနိုင်ကျင့်ခြင်းများ ဖြစ်ပေါ်စေပြီး ပြည်သူလူထု၏ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်များ ဆုံးရှုံးစေလိမ့်မည်ဖြစ်ပေသည်။

၄။ တိုင်းပြည်ကြီးလွန်းပြီး ပထဝီအနေအထား ဆက်စပ်မှုမရှိ၊ လူမျိုးဓလေ့ထုံးစံမတူလျှင် Unitary State နိုင်ငံ မဖွဲ့စည်းသင့်ပေ။ အကြောင်းမှာ မကြာခဏပြည်တွင်းစစ်နှင့် ပုန်ကန်မှုများ ပေါ်ပေါက်စေနိုင်သဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတတ်မှုကို များစွာထိခိုက်စေမည် ဖြစ်ပါသည်။

ပြည်ထောင်စုနိုင်ငံဆိုသည်မှာ နိုင်ငံနှစ်နိုင်ငံသော်လည်းကောင်း၊ နှစ်နိုင်ငံနှင့် အထက် ပိုသော်လည်းကောင်း၊ ဖက်ဒရေးရှင်း (Federation) နည်းအရ ဖွဲ့စည်းပုံမှာ ပြည်ထောင်စုအဖြစ် ပါဝင်ပေါင်းစပ်လာသော နိုင်ငံအသီးသီးတို့တွင် မူလအစိုးရများ ပျောက်ကွယ်သွားဖြင်းမရှိဘဲ ဗဟိုအစိုးရတရပ်(သို့) ပြည်ထောင်စုအစိုးရတရပ် အသစ်ပေါ်ပေါက်လာခြင်းပင်ဖြစ်ပေသည်။

နိုင်ငံများသည် ပြည်ပရန်အား ကာကွယ်နိုင်စေရန် အမျိုးသားအင်အားတောင့်တင်းခိုင်မာလိုပြီး၊ မိမိတို့၏ မူလသီးခြား လွတ်လပ်မှုများကိုလည်း မဆုံးရှုံးလေိုသောအခါ ဤပြည်ထောင်စုနည်းဖြင့် အချင်းချင်းပေါင်းစပ်ဖွဲ့စည်းကြပေသည်။ ပြည်ထောင်စုနည်း အရ ပေါင်းစပ်ဖွဲ့စည်းရာတွင် ပါဝင်သော နိုင်ငံများမှာ အချို့သောအာဏာပိုင်များကို စွန့်လွှတ်ရပြီး ကျန်အာဏာများကိုသာ လက်ဝယ် ထားရှိရပေ၏။

ပြည်နယ်များ (Federation Unit) သည် ဗဟိုအစိုးရဖြေရှင်းနိုင်သော ကာကွယ်ရေး၊ နိုင်ငံရေးစသော အာဏာများကို ဗဟိုသို့ပေးအပ်ရပြီး၊ မိမိတို့ဘာသာဖြေရှင်းနိုင်သော ကြွင်းကျန်သည့်အာဏာ (Residure Power) များကို မိမိတို့ လက်ဝယ် ထားရှိကြပေသည်။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံဆိုသည်မှာ ဗဟိုအစိုးရနှင့် ပြညနယ်အစိုးရတို့အာဏာခွဲဝေပြီး အုပ်ချုပ်သည့် နိုင်ငံပင်ဖြစ်ပေသည်။

ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား အာဏာခွဲဝေရာတွင် ဖွဲ့စည်းပုံ အခြေခံဥပေးဖြင့်ခွဲဝေပေသည်။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံများတွင် သီးခြားထင်ရှားသည့် ဂုဏ်အင်္ဂါလက္ခဏာသုံးရပ် ပေါ်ပေါက်လာခဲ့ပေ၏။

၎င်းတို့မှာ…

၁။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တန်ခိုးကြီးခြင်း

၂။ အာဏာကိုခွဲဝေထားခြင်း

၃။ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများသော်လည်းကောင်း၊ ပြည်နယ်အစိုးရအချင်းချင်းသော်လည်းကောင်း အငြင်းပွါးမှုများကို ဆုံးဖြတ်ဖြေရှင်းနိုင်သည့် အာဏာပိုင်အဖွဲ့တခုရှိခြင်း စသည်တို့ဖြစ်ပေသည်။

၁။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တန်ခိုးကြီးခြင်း

ပြည်ထောင်စုနိုင်ငံသည် အာဏာအား ဝေငှထားသဖြင့် ဗဟိုအစိုးရသော်လည်းကောင်း၊ ပြည်နယ်အစိုးရများသော်လည်းကောင်း တန်ခိုးအာဏာ ကြီးမားခြင်းမရှိပေ၊ အကြောင်းမှာ ဗဟိုအစိုးရတန်ခိုးအာဏာကြီးမားနေလျှင် ပြည်နယ်တို့၏ အခွင့်အရေးများကို ထိခိုက်နိုင်သဖြင့် Unitary State နိုင်ငံနှင့် မခြားဘဲရှိနေပေလိမ့်မည်။

ပြည်နယ်အစိုးရတို့က တန်ခိုးသြဇာပို၍ကြီးမားနေပြန်လျှင်လည်း ပြည်ထောင်စုနိုင်ငံဆိုသည့် အဓိပ္ပါယ်မရှိဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့ထက် တန်ခိုးအာဏားပိုကြီးမားသော အရာတခုရှိရပေလိမ့်မည်။ ၎င်းအရာမှာ ဖွဲ့စည်း ပုံအုပ်ချုပ်ပုံ အခြေခံဥပဒေပင်ဖြစ်လေသည်။

ပြည်နယ် အစိုးရများသည်လည်းကောင်း၊ ဗဟို အစိုးရသည်လည်းကောင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ ခွင့်ပြုချက်များမှအပ မည်သည့်အချက် အလက် တစုံတရာ တခုတလေကိုမျှ ချိုးဖေါက်နိုင်ခွင့် အလျှင်းမရှိစေရပေ။ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့၏ ဆောင်ရွက်ချက်တိုင်း သည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ ခွင့်ပြုချက်အတိုင်းသာဖြစ်ရပါမည်။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် တန်ခိုးအာဏာအကြီးမားဆုံးပင်ဖြစ်ပေသည်။

၂။ အာဏာကိုခွဲဝေထားခြင်း

ပြည်ထောင်စုနိုင်ငံတွင် ပါဝင်သော ပြည်နယ်များသည် ၎င်းတို့၏ အချိုကသောအာဏာများ အခွင့်အရေးများကို စွန့်လွှတ်ရ ပေသည်။ ထို့ကြောင့် ၎င်းပြည်နယ်တို့သည် မည်သည့်အခွင့်အရေးနှင့်မည်သည့်အာဏာများကို စွန့်လွှတ်ကြရပြီး မည်သည့်အခွင့် အရေးနှင့် မည်သည်အာဏာများကို ပိုင်ဆိုင်ကျင့်သုံးခွင့်ရှိကြောင်း သိရှိထားရြပေသည်။ ယင်းသို့အားဖြင့် မိမိနှင့် သက်ဆိုင်သော အာဏာ မသက်ဆိုင်သောအာဏာ ဟူ၍ တိတိကျကျသိရှိနိုင်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ခွဲဝေသတ်မှတ်ထားပေသည်။ ထို့ကြောင့် အာဏာခွဲဝေထားခြင်းမှာ ပြည်ထောင်စုနိုင်ငံ၏ သီးခြားထင်ရှားသော ဒုတိယလက္ခဏာတရပ်ပင်ဖြစ်ပေသည်။

၃။ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများသော်လည်းကောင်း၊ ပြည်နယ်အစိုးရအချင်းချင်းသော်လည်းကောင်း အငြင်းပွါး မှုများကို ဆုံးဖြတ် ဖြေရှင်းနိုင်သည့် အာဏာပိုင်အဖွဲ့တခုရှိခြင်း

ပြည်ထောင်စုနိုင်ငံ၌ အစိုးရအချင်းချင်းအငြင်းပွါးမှုများဖြစ်ပေါ်နိုင်ပေသည်။ အထူးသဖြင့် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့သည် အုပ်ချုပ်ရေးကိစ္စရပ်များတွင်၎င်း၊ တရားဥပဒေရေးရာများအတွက်သော်၎င်း အငြင်းပွါးမှု အချင်း ပွါးမှုများဖြစ်ပေါ်တတ်ပေသည်။

ဤကဲ့သို့ အငြင်းပွါးမှု အချင်းပွါးမှုများကို ဆုံးဖြတ်ဖြေရှင်းရန် အဖွဲ့အစည်းတရပ် လိုအပ်ပေသည်။ အများအားဖြင့် ဤသို့အငြင်း ပွါးမှုများကို ဆုံးဖြတ်ဖြေရှင်းခွင့်ရှိသောအဖွဲ့မှာ ဗဟိုတရားစီရင်ရေးဌာနပင် ဖြစ်ပေသည်။ တနည်းအားဖြင့် အာဏာကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် ခွဲဝေထားသဖြင့် ၎င်းအာဏာနှင့် စပ်လျှင်းပြီး အငြင်းပွါးမှု ဖြစ်ပေါ်လာသောအခါ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကိုပင် ကိုးကားကိုင်ဆွဲခွင့်ရှိသော အဖွဲ့အစည်းပုဂ္ဂိုလ်သည် အငြင်းပွါးမှုများကို ဖြေရှင်းနိုင်ခွင့်ရှိသော အဖွဲ့အစည်း (သို့) ပုဂ္ဂိုလ်ပင်ဖြစ် လေသည်။ မည်သို့ပင်ဖြစ်စေ ပြည်ထောင်စုနိုင်ငံ၌ အငြင်းပွါးမှုများကို ဖြေရှင်းဆုံးဖြတ်နိုင်သော အဖွဲ့အစည်းတခု ရှိနေခြင်းသည် ပြည်ထောင်စုနိုင်ငံ၏ တတိယမြောက် ထူးခြားသည့် လက္ခဏာတရပ်ဖြစ်ကြောင်း စွဲမြဲစွာမှတ်သားထားရပေမည်။

Friday, October 10, 2014

နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၆)

 နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၆)

၆။ တပြည်ထောင်စနစ်နိုင်ငံများ၏ အားသာချက်များ 

၁။ Unitary State နိုင်ငံမှာ တနိုင်ငံနှင့်အထက် နိုင်ငံငယ်ပေါင်းများစွာ ပေါင်းစပ်ပါဝင်ပြီး တနိုင်ငံတည်းအဖြစ် ပေါင်းစည်း တည်ထောင်ထားခြင်းဖြစ်သောကြောင့် ပထဝီနယ်မြေဆက်စပ်ခြင်း၊ လူမျိုးဓလေ့ထုံးစံ ညီညွတ်ခြင်း၊ မတူညီသော ယဉ်ကျေးမှုများ ပေါင်းစပ်လာခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းခြင်းအစရှိသော အင်္ဂါရပ်များများနှင့် ပြည့််စုံပြီး အမျိုးသား စည်းလုံး ညီညွတ်မှုကို ရရှိနိုင်ခြင်း။

၂။ တတိုင်းပြည်လုံး၌ အစိုးရတရပ်တည်းသာ ရှိသောကြောင့် တိုင်းပြည်အုပ်ချုပ်ရေး စက်ယန္တရားအတွက် ပြည်ထောင်စု နိုင်ငံများကဲ့သို့ လူတော် လူကောင်းများစွာမလိုအပ်ပေ။ ပြည်ထောင်စုစစ်စစ်နိုင်ငံများတွင်မူ အစိုးရအဖွဲ့ပေါင်းများ စွာအတွက် လူတော်လူကောင်းများစွာ လိုအပ်ပေလိမ့်မည်။ လိုအပ်သော လူတော်လူကောင်းများအား ပြုစုပျိုးထောင် မွေးထုတ်မပေးနိုင်ပါက တိုင်းပြည်တိုးတတ်မှုကို ထိခိုက်စေမည်ဖြစ်သည်။

၃။အစိုးရတဖွဲ့တည်းသာရှိသောကြောင့် တိုင်းပြည်၏တာဝန်ကိုပခုံးလွှဲရန်အခွင့်မသာပေ။ ထို့ကြောင့် တာဝန်ဝတ္တရားများကို အစွမ်းကုန်ဆောင်ရွက်နိုင်သည်။ ထို့ပြင် ၎င်းအစိုးရသာ အချုပ်အခြာအာဏာပိုင်ဖြစ်သောကြောင့် ပြည်တွင်းပြည်ပ ပြဿနာများကို အနှောက်အယှက်ကင်းစွာဖြင့် လျှင်မြန်စွာဖြေရှင်းနိုင်သည်။

၄။ တိုင်းပြည်တွင်း၌ အချုအ်အခြာအာဏာပိုင် အစိုးရတဖွဲ့တည်းသာရှိသောကြောင့် ပြည်ထောင်စုနိုင်ငံများကဲ့သို့ ဗဟိုအစိုး ရနှင့် ပြည်နယ်အစိုးရများသော်လည်းကောင်း၊ ပြည်နယ်အစိုးရအချင်းချင်းသော်လည်းကောင်း အချင်းများအငြင်းပွါးရသော ကိစ္စရပ်များ မပေါ်ပေါက်နိုင်ပေ။

၅။ တမျိုးသားလုံးတွင် အစိုးရတဖွဲ့တည်းသာရှိသဖြင့် တိုင်းသူပြည်သားတိုင်းသည် ၎င်းအစိုးရ၏အမှုကိစ္စအပေါ်၌သာ သစ္စာ စောင့်သိရန်လိုသည်။

၆။ မျက်မှောက်ခေတ်တွင် အခြေအနေနှင့်လိုက်လျှော၍ အုပ်ချုပ်ရေးယန္တရားများကို အချိန်အားလျှော်စွာ ပြုပြင်ရန်လိုပေသည်။ ရုပ်ဝတ္တုများသည် အမြဲပြောင်းလဲနေသဖြင့် စိတ်ပိုင်းဆိုင်ရာဝါဒရေးရာများကိုလည်း ရုပ်ပိုင်းနှင့်လျှော်ညီစွာပြုပြင်ပြောင်းလဲရန်လိုပေမည်။ ထိုသို့ပြုပြင်ပြောင်းလဲရာတွင် Unitary State နိုင်ငံက ပြည်ထောင်စုနိုင်ငံများထက်ပို၍လျှင်မြန်လွယ်ကူပေသည်။ ထို့ကြောင့်ပင် အင်္ဂလန်သည် အမေရိကန်ထက် တနှစ်စော၍ (၁၉၁၉) ခုနှစ်တွင် အမျိုးသမီးများကို မဲပေးပိုင်ခွင့်ပြုနိုင်ခဲ့ပေသည်။

၇။ အစိုးရတဖွဲ့တည်းသာရှိသော Unitary State နိုင်ငံမှာ အစိုးရအဖွဲ့ပေါင်းများစွာရှိသော ပြည်ထောင်စုနိုင်ငံထက် အစိုးရအသုံးစရိတ်သက်သာစေပါသည်။ ထို့ကြောင့် Unitary State နိုင်ငံသားတွေသည် ပြည်ထောင်စုနိုင်ငံသားတွေထက် အခွန်ထမ်းဆောင်ရခြင်း သက်သာလေ့ရှိသည်။ ထို့ပြင် Unitary State နိုင်ငံတွင် ပြည်ထောင်စုနိုင်ငံမှာကဲ့သို့ ဥပဒေရေးရာတွင် လည်းကောင်း၊ အုပ်ချုပ်ရေးရာတွင်လည်းကောင်း ရှုပ်ထွေးခြင်းမရှိပေ။ 

Wednesday, October 8, 2014

နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၅)

 နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၅)

၅။ တပြည်ထောင်စနစ်နိုင်ငံများ (Unitary State)

အထက်၌ရှင်းလင်းရေးသားခဲ့သည့်အတိုင်း ယူနီတရီ (Unitary State) နိုင်ငံတနိုင်ငံ၌ အစိုးရတဖွဲ့တည်းသာရှိကြောင်း သိခဲ့ရပေပြီ။ ၎င်း Unitary State နိုင်ငံတနိုင်ငံ၏ ထူးခြားသော သွင်ပြင်လက္ခဏာများကို ဆက်လက်လေ့လာ ဆန်းစစ်ကြည့်လျှင် အောက်ပါအတိုင်း တွေ့ရှိရမည်ဖြစ်၏။

၁။ အစိုးရအဖွဲ့တခုတည်းသာရှိခြင်း

၂။ အာဏာပိုင်ဥပဒေအဖွဲ့ တဖွဲ့တည်းသာရှိခြင်း

၃။ ဥပဒေအဖွဲ့၏ ဥပဒေပြုခွင့် တန်ခိုးအာဏာကို ကန့်သတ်ချက်မထားရှိခြင်း စသည်တို့ဖြစ်ပေ၏။

အမဲကိုသိလိုလျှင် အဖြူနှင့်နှိုင်းယှဉ်ကြည့်ရပါ၏။ ထို့အတူ Unitary State နိုင်ငံ၏ ထူးခြားသော လက္ခဏာရပ်များကို သိလိုလျှင် ပြည်ထောင်စုနိုင်ငံနှင့် နှိုင်းယှဉ်ကြည့်ရပါ၏။

က) အင်္ဂလန်သည် Unitary State နိုင်ငံဖြစ်သဖြင့် တတိုင်းပြည်လုံးကို အုပ်စိုးသော အစိုးရတဖွဲ့တည်းသာရှိပြီး၊ အမေရိကန် ပြည်ထောင်စုမှာမူ ပြည်ထောင်စုနိုင်ငံဖြစ်သည့်အလျှောက် ဗဟိုအစိုးရအဖွဲ့တခုအပြင် ပြည်နယ်ပေါင်း (၅၀) တွင်လည်း အစိုးရတဖွဲ့ စီရှိကြပေသည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုတွင် ဗဟိုအစိုးရတခု နှင့် ပြည်နယ်အစိုးပေါင်း (၅၀) စုစုပေါင်း အစိုးရ(၅၁)ဖွဲ့ ရှိလေသည်။

ခ) အမေရိကန်ဥပဒေပြုအဖွဲ့ (Congress) အားလေ့လာဆန်းစစ်ကြည့်ပါမူ အမေရိကန်ဥပဒေပြုအဖွဲ့၌ ၎င်းကြိုက်နှစ်သက်သလို ဥပဒေပြုခွင့် မရှိကြောင်းတွေ့ရပြီး၊ ကွန်ဂရက် (ခေါ်) ဥပဒေပြုလွှတ်တော်သည် ပြည်နယ်အစိုးရတို့၏ အခွင့်အရေးများကို ထိခိုက်စေနိုင် သည့် ဥပဒေမျိုးများကို ပြုခွင့်မရှိပေ။ တနည်းအားဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြင့် ပြည်နယ်များသို့ပေးထားသော အခွင့်အရေး များကို ထိပါးနိုင်ခွင့်၊ ကျူးကျော်နိုင်ခွင့်မရှိပေ။

ထို့ကြောင့် အမေရိကန်ဥပဒေပြုအဖွဲ့၏ ဥပဒေပြုခွင့်အာဏာမှာ ကန့်သတ်ချက်များရှိကြောင်း တွေ့ရမည်ဖြစ်ပါသည်။

ဗြိတိသျှပါလီမန်နှင့် အမေရိကန်ကွန်ဂရက် (၂) ခုစလုံးမှာ ဗဟိုဥပဒေပြုအဖွဲ့များဖြစ်ကြသော်လည်း အမေရိကန်ဥပဒေပြုအဖွဲ့ မှာ ဗြိတိသျှ ဥပဒေပြုအဖွဲ့ကဲ့သို့ တန်ခိုးသြဇာ မကြီးကြောင်းတွေ့ရမည်ဖြစ်၏။ ဤသို့ဖြစ်ရခြင်းမှာ ဗြိတိသျှနိုင်ငံသည် အစိုးရတဖွဲ့တည်း သာရှိသော Unitary State နိုင်ငံဖြစ်ပြီး အမေရိကန်မှာမူ ပြည်နယ်တခုစီ၌ အစိုးရတဖွဲ့စီရှိသော ပြည်ထောင်စုနိုင်ငံ ဖြစ်သောကြောင့် ပင်ဖြစ်၏။ ထို့ကြောင့် ဥပဒေပြုအဖွဲ့၏ တန်ခိုးအာဏာပါဝါကြီးမားခြင်းသည် Unitary State နိုင်ငံ၏ သီးခြားထူးခြားသော လက္ခဏာ တရပ်ဖြစ် ပေသည်။

ဂ) Unitary Stateနိုင်ငံ၏ တတိယထူးခြားသည့် လက္ခဏာတရပ်မှာ ဗဟိုဥပဒေပြုအဖွဲ့မှအပ ဒေသန္တရဥပဒေပြုအဖွဲ့များ မရှိခြင်းပင်ဖြစ်၏။ ဗြိတိသျှနိုင်ငံတွင် လန်ဒန်မြို့ကိုအုပ်ချုပ်သော ဒေသဆိုင်ရာ “ လန်ဒန်ကောင်တီ ကောင်စီ” (London County Council) မျိုးများစွာရှိ၏။ ဤကောင်စီမျိုးမှာ ဗဟိုဥပဒေပြုအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တည်ထောင်ထားခြင်းဖြစ်ပြီး၊ ဥပဒေပြုအဖွဲ့ဖြစ်သော ဗြိတိသျှပါလီမန်က ၎င်းပြုလုပ်ထားသော ဥပဒေကို ပြန်လည်ရုပ်သိမ်းလိုက်လျှင် ဒေသဆိုင်ရာ လန်ဒန်ကောင်တီကောင်စီ ကဲ့သို့သော ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့မှာလည်း အလိုအလျှောက်ပျက်ပျယ်သွားပေသည်။

လန်ဒန်ကောင်တီကောင်စီ၌ ဗြိတိသျှပါလီမန်မှာကဲ့သို့ အချုပ်အခြာအာဏာမရှိပေ။ ထို့ကြောင့် ၎င်းကောင်စီမှပြုလုပ်လိုက် သော (Rules and Regulations) တွေကိုလည်း ဥပဒေအဖြစ်မယူဆနိုင်ပေ။ သို့ရာတွင် လန်ဒန်ကောင်တီကောင်စီမှာ ဗြိတိသျှ ပါလီမန်၏ ဥပဒေပြုချက်အရ ပေါ်ပေါက်လာသဖြင့် လန်ဒန်မြို့အုပ်ချုပ်ရေးအတွက် စည်းကမ်းနည်းလမ်းများကို ဥပဒေပြုနိုင်ခွင့် ရှိပေသည်။ ၎င်းအဖွဲ့မှ ပြုလုပ်သောဥပဒေများသည် ထပ်ဆင့်ထုတ်ပြန်သော ဥပဒေများဖြစ်ခြင်းကြောင့် ထပ်ဆင့်ထုတ်ဥပဒေ (By Laws) များသာ ဖြစ်ပေသည်။ အထက်ပါအကြောင်းများကို ထောက်ရှုခြင်းအားဖြင့် လန်ဒန်ကောင်တီကောင်စီမှာ အချုပ်အခြာအာဏာပိုင် ဥပဒေပြုအဖွဲ့ မဟုတ်ကြောင်းထင်ရှားလေ၏။ ထို့ပြင် ဗြိတိသျှပါလီမန်၌ မည်သည့်ဒေသန္တရအဖွဲ့အစည်းကိုမဆို ဖျက်သိမ်းနိုင်ခွင့်ရှိ ပေသည်။

အမေရိကန်နိုင်ငံတွင်မူ ဗဟိုဥပဒေပြုအဖွဲ့ဖြစ်သော ကွန်ဂရက်သည် အမေရိကန်နိုင်ငံ၏ တခုတည်းသော ဥပဒေပြုအဖွဲ့ မဟုတ် ပေ။ ၎င်းဥပဒေပြုအဖွဲ့အပြင် ပြည်နယ်(၅၀) စလုံး၌ ဥပဒေပြုအဖွဲ့ တဖွဲ့စီသီးခြားစီရှိကြ၏။ ပြည်နယ်များ၏ ဥပဒေပြုအဖွဲ့များသည် ဗဟိုဥပဒေပြုအဖွဲ့၏ ဥပဒေပြုချက်အပေါ်၌ လုံးဝတည်ရှိခြင်းမရှိပေ။ ထို့ကြောင့် ဗြိတိသျှပါလီမန်သည် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ များကို ဖျက်သိမ်းနိုင်သကဲ့သို့ အမေရိကန်ပြည်ထောင်စု ဗဟိုဥပဒေပြုအဖွဲ့ဖြစ်သော ကွန်ဂရက်သည် ပြည်နယ်အစိုးရများကို၎င်း၊ ပြည်နယ်များမှ ဥပဒေပြုအဖွဲ့များကိုသော်လည်းကောင်း ဖျက်သိမ်းနိုင်ခွင့်မရှိချေ။

အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်တိုင်းမှ ဥပဒေပြုအဖွဲ့များသည် အချုပ်အခြာအာဏာပိုင်အဖွဲ့များပင်ဖြစ်၏။ ထို့ကြောင့် ပြည်နယ်ဥပဒေပြုအဖွဲ့တို့မှ ပြုလုပ်ပြဌာန်းလိုက်သော ဥပဒေများမှာ ကွန်ဂရက်မှပြုလုပ်သော ဥပဒေများကဲ့သို့ပင် ၎င်းတို့ဆိုင်ရာ ဆိုင်ရာပြည်နယ်များအတွင်း၌ တရားဝင်ဥပဒေအစစ်များပင်ဖြစ်လေသည်။

Monday, October 6, 2014

နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၄)

 နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၄)

၄။ နိုင်ငံအချင်းချင်း ပေါင်းစည်းခဲ့ကြသောနည်းလမ်းများ

နိုင်ငံအချင်းချင်း ပေါင်းစည်းရာ၌ ယေဘူယျအားဖြင့် နှစ်မျိုးရှိပါ၏။

၁။ နှစ်ပြည့် တပြည်ပေါင်းစည်းခြင်း (Mutual Absorption) (Unitary State)

၂။ ပြည်ထောင်စုအဖြစ်ပေါင်းစည်းခြင်း (Federal) တို့ဖြစ်၏။

၁။ နှစ်ပြည့်တပြည်ပေါင်းစည်းခြင်း (Mutual Absorption) (Unitary State)

နိုင်ငံအချင်းချင်းပေါင်းစည်းကြရာတွင် နှစ်ပြည့်တပြည်အဖြစ် ပေါင်းစည်းခြင်းနှင့် ပြည်ထောင်စုနည်းဖြင့် ပေါင်းစည်း ခြင်းဟူ၍ရှိကြပါ၏။ နိုင်ငံနှစ်နိုင်ငံ (သို့) နိုင်ငံအများသည် နှစ်ပြည်တပြည်နည်းဖြင့် ပေါင်းစည်းကြသောအခါ ၎င်းပေါင်းစည်း ရာတွင်ပါဝင်သော နိုင်ငံအသီးသီးတို့၌ ရှိကြသော မူလပထမ သီးခြားထင်ရှားသည့် ဂုဏ်အင်္ဂါရပ် လက္ခဏာ (Characteristics) များ ပျောက်ကွယ်သွားပြီး ပေါင်းစည်းရာတွင် ပါဝင်သောနိုင်ငံအားလုံးအတွက် သီးခြားထင်ရှားသည် ဂုဏ်အင်္ဂါ လက္ခဏာသစ်တရပ် ပေါ်ထွက်လာပေသည်။

သီးခြားထင်ရှားသည် ဂုဏ်အင်္ဂါ လက္ခဏာသစ်မှာ မူလတိုင်းနိုင်ငံအသီးသီး၌ ရှိသော အစိုးရအဖွဲ့များ ပျောက်ကွယ်သွားပြီး ၎င်းနိုင်ငံ အားလုံးအတွက် ဗဟိုအစိုးရတရပ်တည်းသာ ပေါ်ပေါက်လာသော အစိုးရတဖွဲ့တည်းအဖြစ် ပေါ်ပေါက်လာခဲ့ပေသည်။ တနည်းအားဖြင့် နိုင်ငံငယ်များပေါင်းစည်းပြီး တပြည်ထောင် (Unitary State) တည်းဟူသော နိုင်ငံသစ် ဖြစ်ပေါ်လာခဲ့ပေသည်။

ဥပမာအားဖြင့်…

၁၂၈၃ ခုနှစ်တွင် ဝေလနိုင်ငံမှ အတည်ပြုလိုက်သော လွှတ်တော်ကြီးထုတ်ဥပဒေ (Statute) အရ ဝေလနိုင်ငံအစိုးရနှင့် အင်္ဂလန်နိုင်ငံ အစိုးရတို့ ပျောက်ကွယ်သွားပြီး ဝေလနိုင်ငံနှင့် အင်္ဂလန်နိုင်ငံတို့ကို အုပ်စိုးသည့် တခုတည်းသော အစိုးရသစ်တရပ် ပေါ်ပေါက်လာခဲ့ လေ၏။

၂။ ပြည်ထောင်စုအဖြစ်ပေါင်းစည်းခြင်း (Federal)

နိုင်ငံအချင်းချင်း ပြည်ထောင်စုအဖြစ် ပေါင်းစည်းလျှင် ပေါင်းစပ်ရာတွင်ပါဝင်သော နိုင်ငံအသီးသီးတို့၏ မူလအစိုးရများနှင့် ဥပဒေများသည် လုံးဝပျောက်ကွယ်သွားခြင်းမရှိဘဲ ၎င်းနိုင်ငံအားလုံးအတွက် ဗဟိုအစိုးရသစ်တရပ် ပေါ်ပေါက်လာခဲ့ပေသည်။ နိုင်ငံများသည် အကြောင်းအမျိုးမျိုးကြောင့် မပေါင်းမဖြစ် ပေါင်းစည်းကြသော်လည်း မိမိတို့၏မူလဓလ့ထုံးစံများနှင့် ပင်ကိုယ် ထူးခြားသည့် ဂုဏ်အင်္ဂါရပ် လက္ခဏာများကို မဆုံးရှုံးစေလိုသောအခါ ဤပြည်ထောင်စုနည်းဖြင့် ပေါင်းစည်းခဲ့ကြပေ၏။

ဥပမာအားဖြင့် ၁၇၈၉ ခုနှစ်တွင်ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အမေရိကန်သည်လည်းကောင်း၊ ၁၈၄၇ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံသည်လည်းကောင်း၊ ၁၉၀၀ ခုနှစ်တွင် သြစတြေးလျားသည်လည်းကောင်း ဖက်ဒရယ်ခေါ် ပြည်ထောင်စုနည်းဖြင့် ပေါင်းစည်းခြင်းပြုခဲ့ကြသဖြင့် ပြည်နယ်ငယ်များ ( Federating Unit) ၏ မူလသီးခြားဂုဏ်အင်္ဂါ လက္ခဏာများဖြစ်ကြသော အစိုးရအဖွဲ့ နှင့် ဥပဒေများအားလုံးနှင့် သက်ဆိုင်သော ဗဟိုအစိုးရ (Federal Government) ပေါ်ပေါက်လာခြင်းဖြင့် လက္ခဏာသစ်တရပ် တိုးပွါး လာခြင်းသာဖြစ်ပေသည်။ ဤကဲ့သို့သော ဗဟိုအစိုးရနှင့်တကွ ပြည်နယ်တိုင်းတွင် မိမိကိုယ်ပိုင် အစိုးရတဖွဲ့စီရှိသော တိုင်းပြည်များကို ပြည်ထောင်စုနိုင်ငံ ( Federal State)ဟူ၍ ခေါ်ဆိုကြပါ၏။

  Posted in: နိုင်ငံရေးသိပ္ပံ 

အီတလီနိုင်ငံ

နိုင်ငံအမျိုးအစား

အစိုးရတစ်ဖွဲ့တည်းသာရှိသော ယူနီတရီနိုင်ငံဖြစ်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ

ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ခုနှစ်တွင် ပြည်သူ့ဆန္ဒအရ ဘုရင်စနစ်ကိုဖျက်သိမ်းခဲ့ပြီး ၁၉၅၈ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့ကြသည်။ ထို့ကြောင့် ရေးသားမှတ်တမ်းတင်ထားသော ဥပဒေများဖြစ်ကြသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် လွှတ်တော်နှစ်ခုစလုံးက တစ်ကြိမ်နဲ့တစ်ကြိမ် ရက်ပေါင်း ၉၀ခြား၍ နှစ်ကြိမ်စလုံး ပြင်ဆင်ချက်အဆိုကို သဘောတူအတည်ပြုရသည်။ လွှတ်တော် တစ်ခုခု၏ ၁/၅ သော အမတ်များက နှစ်ကြိမ်စလုံးပြင်ဆင်ချက်အဆိုကို အတည်ပြုကြလျှင် ပြည်သူ့ဆန္ဒကောက်ခံရန်မလိုချေ။

ကိုယ်စားလှယ်ရွေးချယ်ရေးစနစ်

အသက်၂၅နှစ်ပြည့်သော အီတလီသူ/သား တိုင်းမဲပေးနိုင်ခွင့်ရရှိပြီး မဲဆန္ဒ တစ်နယ်ကိုယ်စားလှယ် တစ်ယောက ်စနစ်ကို အသုံးပြုသည်။

ဥပဒေပြုဌာန

လွှတ်တော်နှစ်ခုစနစ်ကို အသုံးပြု၍ အောက်လွှတ်တော်ကို ပြည်သူတို့က ရွေးကောက်တင်မြှောက်ထားသော အမတ်ပေါင်း ၅၆၀ဖြင့် ဖွဲ့စည်းထားသည်။ ၎င်းအမတ်တို့၏ အမတ်သက်တမ်းမှာ ၅နှစ်ဖြစ်ပြီး ဝန်ကြီးချုပ်နှင့်တကွ ၎င်း၏ ကက်ဘိနက်ဝင်ဝန်ကြီးများကို အောက်လွှတ်တော်ကပင် ရွေးချယ်တင်မြောက်ရသည်။ ထို့ပြင် ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးဥပဒေများကို ရေးဆွဲရသောကြောင့် အထက်လွှတ်တော်ထက် တန်ခိုးကြီးသည်ဟု ယူဆရသည်။

အထက်လွှတ်တော်စီးနိတ်ကို ပြည်သူတို့က ရွေးကောက်တင်မြှောက်ထားသော အမတ်သက်တမ်း ၆နှစ်ရှိသော အမတ်ပေါင်း ၃၂၀နှင့် သမ္မတလောင်း တစ်ယောက်အပြင် သမ္မတက ရာသက်ပန်ခန့်အပ်ထားသော အမတ်၅ယောက်တို့ဖြင့် ဖွဲ့စည်းထားသည်။

ဘဏ္ဍာရေးနှင့်စပ်လျဉ်းသော ဥပဒေမှအပ ဥပဒေဖြင့် အာဏာတွင် အောက်လွှတ်တော်နှင့် တူညီ၏။ ထို့ပြင်အစိုးရအဖွဲ့ကို အယုံအကြည်မရှိအဆိုကို တင်သွင်းနိုင်ခွင့်ရှိသည်။

အုပ်ချုပ်ရေးဌာန

ပါလီမန်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ရုပ်ပြအုပ်ချုပ်ရေးမှူးမှာ ပါလီမန်နှစ်ရပ်စလုံးက ရွေးချယ်တင်မြှောက်သော သက်တမ်း ၇နှစ်ရှိသည်။ အီတလီသမ္မတဖြစ်၍ အုပ်ချုပ်အာဏာကိုအသုံးပြုကာ အစစ်အမှန် အုပ်ချုပ်သူမှာ ဝန်ကြီးချုပ်သာဖြစ်သည်။

တရားစီရင်ရေးဌာန

တရားသူကြီးများကို ခန့်အပ်ရာခြင်း၊ ရာထူးတိုးပေးခြင်းနှင့် ၎င်းတရားသူကြီးတို့၏ စည်းစနစ်ကျနမှုကို "ဥပဒေပြုကောင်စီ" ကဆောင်ရွက်သည်။ ၎င်းကောင်စီတွင် သမ္မတ၊ ဥပဒေ ပါမောက္ခများ၊ လွှတ်တော်နှစ်ခုပေါင်းက ရွေးချယ်တင်မြှောက်ထားသော ရှေ့နေများနှင့် ရာဇာဝတ်တရားသူကြီးများ (magistrates) နှင့် တရားသူကြီးတို့က ရွေးကောက်တင်မြှောက်ထားသော သူများပါဝင်ကြသည်။ ၎င်းတို့၏ သက်တမ်းမှာ (၄) နှစ်သာဖြစ်၏။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် စပ်ဆိုင်သော တရားရုံးကို သမ္မတက ခန့်အပ်သော တရားသူကြီး ၅ ကြီး၊ ဥပဒေပြုအဖွဲ့က တင်မြှောက်သော တရားသူကြီး ၅ဦးနှင့် "ဥပဒေပြုကောင်စီ" က ခန့်အပ်သော တရားသူကြီး ၅ ဦးတို့ဖြင့် ဖွဲ့စည်းတည်ထောင်ထား၏။ ၎င်းတရားရုံးသည် နောက်ဆုံးအယူခံဝင်ရာ ရုံးပင်ဖြစ်သည်။

Saturday, October 4, 2014

နိုင်ငံရေးသိပ္ပံပညာ (၃)

 နိုင်ငံရေးသိပ္ပံပညာ (၃)

၃။ နိုင်ငံငယ်များ အချင်းချင်း ပေါင်းစည်းခြင်း

နိုင်ငံအချင်းချင်းပေါင်းစည်းရခြင်း အကြောင်းရင်းများစွာရှိသော်လည်း အဓိကအကြောင်းရင်းများမှာ အောက်ပါအတိုင်း ဖြစ်၏။

၁။ ဘုန်းတန်ခိုးကြီးမားလိုမှု (Being to the Supereme State Power)

၂။ အကျိုးတူစီးပွါးရေး တိုးတတ်လိုမှု (Common Wealth)

၃။ ပြည်ပအန္တရာယ်မှ ကင်းလွတ်လိုမှု တို့ဖြစ်ပါ၏။ (Defence, Agression from Foreign Troops)

နိုင်ငံတနိုင်ငံသည် မိမိ၏ ဘုန်းတန်ခိုးအာဏာကြီးမားလိုမှု (Being to the Supereme State Power) ကြောင့် အခြားသော နိုင်ငံတနိုင်ငံ (သို့) နိုင်ငံဒေသများအား အတင်း အကြပ်လက်နက်အားကိုး တိုင်ခိုက် သိမ်းသွင်းသော နည်းအား အသုံးပြုတတ်ပါ၏။ 

ဥပမာ ဗြိတိသျှရာဇဝင်၌…

၁. အင်္ဂလန်

၂. ဝေလ

၃. စကော့တလန်

၄. အိုင်ယာလန် ဟူ၍ လေးပြည်ထောင်ကွဲပြားနေသည်ကိုတွေ့ရမည်ဖြစ်၏။

၁၂၈၃ ခုနှစ်၌ ပထမအက်ဒွပ်ဘုရင်သည် ဝေလနိုင်ငံအား စစ်တိုက်သိမ်းသွင်း၍ မိမိ၏လက်အောက်ခံနိုင်ငံအဖြစ် မထားရှိ ဘဲမိမိနိုင်ငံနှင့် နှစ်ပြည့်တပြည် ပေါင်းစည်းကာ နိုင်ငံအား ကြီးမားကျယ်ပြန့်အောင်ဆောင်ရွက်ခဲ့၏။ ၁၈၀၀ ခုနှစ်တွင် အင်္ဂလန်၊ ဝေလ၊ စကော့တလန် နှင့်မြောက်အိုင်ယာလန် တို့သည် ဗြိတိသျှနိုင်ငံဟူ၍ ယခင်ကကဲ့သို့ သီးခြားစီမဟုတ်တော့ဘဲ ဘုရင်တပါးတည်း အောက် သို့ စည်းရုံး မိလျှက်သားဖြစ်လာခဲ့၏။

နိုင်ငံနှစ်နိုင်ငံ (သို့) နိုင်ငံအများတို့သည် မိမိတို့နိုင်ငံအချင်းချင်း ပေါင်းစည်းခြင်း (Federation) ဖြင့် စီးပွါးရေးဖွံ့ဖြိုး တိုးတတ်မှုများ ရရှိလိမ့်မည်ဟု ယုံကြည်ယူဆလာသောအခါ တနိုင်ငံနှင့်တနိုင်ငံ စစ်မက်မပြုကြတော့ဘဲ အချင်းချင်းသဘောတူညီချက် ဖြင့် ပေါင်းစည်းခဲ့ကြသော နိုင်ငံများလည်းရှိပါ၏။ 

ဤသို့အားဖြင့် အမေရိကန် ပြည်ထောင်စုသည် ၁၇၇၅ ခုနှစ် လွတ်လပ်ရေးစစ်ပွဲမတိုင်မီတွင် ဗြိတိသျှတို့လက်အောက်မှ လွတ် လပ်ရေးရရှိလာသောအခါ အမေရိကန် (၁၃) နယ်သားတို့သည် “ နွားကွဲလျှင် ကျားဆွဲမည် ” ဟူသော စကားပုံအတိုင်း ကောင်းစွာ သဘောပေါက်ကြသည့်အလျှောက် သီးခြားစွာရပ်တည်မနေတော့ဘဲ အချင်းချင်း ပူးပေါင်း၍ ပြည်ထောင်စုကြီးအဖြစ် ဖွဲ့စည်းထူထောင် ခဲ့ပေသည်။

သြစတြေးလျှနိုင်ငံသည်လည်း ၁၉၀၀ ပြည့်နှစ်မတိုင်မီ ဗြိတိသျှတို့၏ တိုက်ရိုက်အုပ်စိုးခြင်းကို ခံရသော သီးခြားနယ်(၆)နယ် အဖြစ်ရှိလေ၏။ ဗြိတိသျှတို့က ထိုနယ်များအား ဒိုမီနီယံ (Dominion) အဆင့် လွတ်လပ်ရေးကို သီးခြားစီပေးလိုက်ချိန်တွင် အရှေ့အာရှမှ ဂျပန်နိုင်ငံသည် အင်အားကြီးမားလာပြီး ၎င်းတို့၏ စီးပွါးရေးဈေးကွက်အားချဲ့ထွင်ရန် ကိုလိုနီနယ်များအားရှာဖွေ သိမ်းပိုက်လျှက်ရှိသော အချိန်အခါနှင့် တိုက်ဆိုင်နေသောကြောင့် သြစတြေးလျှ (၆) နိုင်ငံသားတို့သည် သီးခြားစီရပ်တည်နေပါက ဂျပန်တို့၏ ဝါးမျိုခြင်းကို ခံရမည်စိုးသောကြောင့် အချင်းချင်းပူးပေါင်းကာ ပြည်ထောင်စုနိုင်ငံအဖြစ် တည်ထောင်ခဲ့ကြခြင်းဖြစ်၏။

အထက်၌ဖေါ်ပြခဲ့သော အခြေအနေများသည် နိုင်ငံအချင်းချင်းတို့၏ ပေါင်းစည်းခဲ့သော အခြေအနေအကြောင်းတရားများပင် ဖြစ်ပေ၏။သို့သော် ထိုနိုင်ငံများ မည်သို့နည်းဖြင့်ပေါင်းစည်းခဲ့ကြသနည်း ဆိုသောအချက်သည် ဤနိုင်ငံရေးသိပ္ပံပညာ၌ အလွန်အရေး ကြီးသော အချက်တချက်အဖြစ် ဆက်လက်လေ့လာသွားရန်လိုပေလိမ့်မည်။

Thursday, October 2, 2014

နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၂)

 နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၂)

အစိုးရအဖွဲ့မှာ နိုင်ငံတိုင်းတွင် မရှိမဖြစ်လိုအပ်သော အင်္ဂါရပ်တခုဖြစ်၏။ နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသား တို့၏ ပညာရေး၊ လူမှုရေး၊ စီးပွါးရေး၊ ကျန်းမာရေးအစရှိသည်အားဖြင့် စည်ပင်တိုးတတ်ရန် တာဝန်မှာ အစိုးရ၏တာဝန်ဖြစ်၏။ အစိုးရသည် ၎င်း၏တာဝန် ကျေပြွန်ရန်အတွက် အောက်ဖေါ်ပြပါ လုပ်ငန်းသုံးခုအား မဖြစ်မနေပြုလုပ်ရပါ၏။

၁။ ဥပဒေပြုရေး (Legislature)

၂။ အုပ်ချုပ်ရေး (Executive)

၃။တရားစီရင်ရေး (Judiciary) စသည်တို့ဖြစ်၏။

ဥပဒေပြုခြင်းကို ဥပဒေပြုဌာနမှ ဆောင်ရွက်၍ ၎င်းဥပဒေများအရတိုင်း နိုင်ငံအုပ်ချုပ်ရေးကို အုပ်ချုပ်ရေးဌာနမှ ဆောင်ရွက်ရ၏။ ဥပဒေဖေါက်ဖျက်မှုများကို တရားစီရင်ရေးဌာနမှ စစ်ဆေးဆောင်ရွက်ပြီး အပြစ်ရှိ/ မရှိ ဆုံးဖြတ်စေပါ၏။

အချုပ်အခြာအာဏာသည် နိုင်ငံတိုင်း၌ မရှိမဖြစ်သော အင်္ဂါရပ်ဖြစ်သည်။ အချုပ်အခြာအာဏာဆိုသည်မှာ နိုင်ငံတွင်းရှိ နိုင်ငံသားတိုင်းလိုက်နာရန်အတွက် ဥပဒေရေးဆွဲခွင့်ရှိခြင်း၊ ၎င်းဥပဒေများနှင့် လျှော်ညီစွာ နိုင်ငံသားတို့အား အုပ်ချုပ်နိုင်ခွင့်ရှိခြင်း၊ ဥပဒေချိုးဖေါက်သောသူများအား အပြစ်ပေးဒဏ်ခက်ပိုင်ခွင့်ရှိခြင်းတို့ပင်ဖြစ်ပါ၏။

လူသတ္တဝါသည် ဆင်ခြင်တိုင်းထွာတတ်သော ဉာဏ်ရှိသည် ဖြစ်ခြင်းကြောင့် တိရစ္ဆာန် လောကမှ ခွဲထွက်လာခဲ့ခြင်း ဖြစ်၏။ လူသည် မိမိတို့၏ အတွေ့အကြုံအသိတရားများအရ မိမိတို့၏တိုးတတ်မှုအတွက် အကျိုးတူလုပ်ငန်းများကို အတူပူးပေါင်း၍ လုပ်ဆောင် လာခဲ့ကြပါ၏။

ဤသို့အားဖြင့် လုပ်ကိုင်စားသောက်နေထိုင်ခြင်းကြောင့် နိုင်ငံဟူ၍ ပေါ်ပေါက်လာသည်နှင့်အတူ ၎င်းနှင့်တွဲ၍ ပဋိပက္ခများ၊ အဓမ္မမှုများလည်း ဖြစ်ပေါ်လာစမြဲပင်ဖြစ်၏။ ထိုသို့ဖြစ်ပေါ်လာသောအခါ ဖြေရှင်းပေးနိုင်ရန်နှင့် ထပ်မံ၍မဖြစ်ပေါ်စေရန်အတွက် နိုင်ငံတော်အစိုးရ၌ အချုပ်အခြာအာဏာသည် ရှိရပေမည်၊ သို့မှသာ နိုင်ငံသားတို့၏ အသက်၊ အိုးအိမ်၊ စည်းဇိမ်များအား ကာကွယ် စောင့်ရှောက်နိုင်မည်ဖြစ်သည်။

၎င်းအချုပ်အခြာအာဏာ (Soverignty) တွင်လည်း နှစ်မျိုးရှိပါ၏……

၁။ ပြည်တွင်းအချုပ်အခြာအာဏာ (Domestic State Power and Authority)

၂။ ပြည်ပအချုပ်အခြာအာဏာ တို့ဖြစ်၏။ (International Apperance)

၁။ပြည်တွင်းအချုပ်အခြာအာဏာ ဆိုသည်မှာ နိုင်ငံတနိုင်ငံအတွင်း ယှဉ်ဘက်မရှိသော တန်ခိုးသြဇာအာဏာဖြစ်၏။

၂။ပြည်ပအချုပ်အခြာအာဏာ ဆိုသည်မှာ နိုင်ငံတနိုင်ငံအား အခြားသော အချုပ်အခြာအာဏာပိုင်နိုင်ငံတို့က တန်းတူရည်တူအနေဖြင့် အသိအမှတ်ပြုရခြင်းဖြစ်၏။

ထို့ကြောင့် နိုင်ငံသား၊ တိကျသောနယ်နမိတ်၊ အစိုးရနှင့် အချုပ်အခြာအာဏာဟူသော ဤအင်္ဂါလေးရပ်နှင့်ပြည့်စုံလျှင် နိုင်ငံဟု ဆိုပါ၏။ ဖေါ်ပြပါအင်္ဂါလေးရပ်မှ တခုခု ချို့ယွင်းနေပါက နိုင်ငံဟူ၍ မယူဆအပ်ပေ။

ခေတ်သစ်နိုင်ငံများသည် ရှေးယခင်နိုင်ငံများထက် ဧရိယာပိုမိုကျယ်ဝန်းလာခဲ့ကြပါ၏။ ဤသည်မှာလည်း အကြောင်းမဲ့ကျယ်ဝန်း လာခြင်းမဟုတ်ဘဲ ရှေးယခင်ခေတ် မြို့ပြနိုင်ငံငယ်လေးများ အချင်းချင်း ပေါင်းစပ်ဖွဲ့စည်းလာခဲ့သောကြောင့်ဖြစ်ပါ၏။

အဘယ့်ကြောင့် နိုင်ငံငယ်လေးများသည်

ပေါင်းစည်းလာခဲ့ကြပါသနည်း (ဆက်ရန်).........

https://realnayzawtun.blogspot.com/2023/04/2049-economic-challenges-of-rising.html

100 Life-Changing Netflix Movies to Inspire You

100 Life-Changing Netflix Movies to Inspire You As a Coachsultor & Philosothinkerist, I wear many hats: coach, consultant, counselor, ph...

https://realnayzawtun.blogspot.com/2023/05/50-productivity-quotes-by-nayzaw-tun.html