နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၈)
ပြည်ထောင်စုနိုင်ငံအမျိုးမျိုး
ပြည်ထောင်စုနိုင်ငံများကို အမျိုးအစားခွဲကြည့်လျှင် အကြမ်းအားဖြင့် ပြည်ထောင်စုစစ်စစ်နိုင်ငံ (Highly Federalised State) နှင့် တပြည်ထောင်စနစ်နှင့်တူသော ပြည်ထောင်စုနိုင်ငံ (None Highly Federalised State) ဟူ၍နှစ်မျိုးခွဲခြားနိုင်ပေသည်။
သို့ရာတွင် ပြည်ထောင်စုစစ်စစ်နိုင်ငံအချင်းချင်းသော်လည်းကောင်း၊ တပြည်ထောင်စနစ်နှင့်တူသော ပြည်ထောင်စုနိုင်ငံအချင်း ချင်းသော်လည်းကောင်း မသိမသာခွဲပြားခြားနားမှုများ ရှိပေသည်။ ဤကဲ့သို့ ပြည်ထောင်စုနိုင်ငံများ တနိုင်ငံနှင့်တနိုင်ငံ မတူကွဲပြားပုံတို့ကို တိကျစွာသိလိုလျှင် အောက်ပါမေးခွန်းများကို ဖြေဆိုကြည့်ရပါမည်။
၁။ အာဏာအား မည်ကဲ့သို့ခွဲဝေထားသနည်း။
၂။ပြည်ထောင်စုအတွင်း၌ ပါဝင်ကြသော ပြည်နယ်အချင်းချင်းသော်လည်းကောင်း၊ ဗဟိုအစိုးရနှင့် ပြည်နယ်တို့သော်လည်း ကောင်း အချင်းများ အငြင်းပွါးပါက မည်သည့်အဖွဲ့ မည်သည့်ပုဂ္ဂိုလ်က ဖြေရှင်းပေးသနည်း။
၃။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မည်သို့ပြင်ဆင်သနည်း။
၄။ပြည်နယ် အသီးသီးတို့သည် ဗဟိုအစိုးရ ဥပဒေပြုအဖွဲ့သို့ မည်ကဲ့သို့ ကိုယ်စားလှယ်များ စေလွှတ်ကြပါသနည်း။
၅။ အခွန်အား မည်ကဲ့သို့ကောက်ခံသနည်း။
၆။အုပ်ချုပ်ရေးဌာနတွင် မည်သည့်ပုဂ္ဂိုလ်သည် အကြီးဆုံး ဖြစ်သနည်း။ ၎င်းအား မည်ကဲ့သို့ ရွေးကောက် တင်မြှောက်သနည်း။
ဟူသော မေးခွန်းများအား စစ်မေးလေ့လာရန်လိုအပ်ပေလိမ့်မည်။
၁။ အာဏာအား မည်ကဲ့သို့ခွဲဝေထားသနည်း။
ပြည်ထောင်စုနိုင်ငံများ၌ အာဏာအားဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများတို့အား ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ခွဲဝေပေးအပ်ထား ကြောင်း အထက်စာများ၌ဆိုခဲ့ပါပြီ၊ တခါတရံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၌ ဗဟိုအစိုးရ၏ပိုင်ဆိုင်သော အာဏာများကို သတ်မှတ် ဖေါ်ပြထားခြင်းမပြုသော အကြွင်းအကျန်အာဏာများကို ပြည်နယ်များအတွက်ချန်လှပ်ထားလေ့ရှိပေသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ၌ သတ်မှတ်ဖေါ်ပြထားခြင်းမရှိသော အာဏာများကို အကြွင်းအကျန်အာဏာများ (Reserve of Power) ဟူ၍ခေါ်ပါသည်။ ၎င်းအကြွင်းအကျန်အာဏာသည် သတ်မှတ်ဖေါ်ပြထားသော အာဏာထက်ပိုကြီးကြောင်း သေချာစွာမှတ်သားထားရန်လိုပါသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ မည်သည့်အာဏာများသည် ဗဟိုအစိုးရနှင့် သက်ဆိုင်သည်ဟူ၍ သတ်မှတ်ဖေါ်ပြထားပါက အကြွင်းအကျန်အာဏာများမှာ ပြည်နယ်များလက်ဝယ်တွင်ရှိသည်ဟု မှတ်ယူရပါသည်။ အပြန်အားအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အချို့သော တန်ခိုးအာဏာများကို ပြည်နယ်တို့အတွက် သတ်မှတ်ဖေါ်ပြထားလျှင် အကြွင်းအကျန်အာဏာတို့သည် ပြည်ထောင်စု အစိုးရ (သို့) ဗဟိုအစိုးရလက်ထဲ၌ ရှိကြောင်းနားလည်ထားရပါမည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ သတ်မှတ်ဖေါ်ပြမထားသော အကြွင်းအကျန်အာဏာများသည် သတ်မှတ်ဖေါ်ပြထားသော အာဏာထက်ပို၍ကြီးပေသည်။ ထို့ကြောင့် အကြွင်းအကျန်အာဏာများကို လက်ခံရရှိသော အစိုးရအဖွဲကသည် သတ်မှတ်ဖေါ်ပြထား သော အာဏာကိုရရှိသည့် အစိုးရထက်တန်ခိုးအာဏာပို၍ကြီးပေသည်။
ဥပမာအားဖြင့် ဗဟိုအစိုးရအား ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် အကြွင်းအကျန်အာဏာများကို အပ်နှင်းထားပါက ဗဟို အစိုးရ၏ တန်ခိုးအာဏာသည် ပြည်နယ်အစိုးရထက်ပိုကြီးပေသည်။ အကယ်၍ ပြည်နယ်တို့မှ ၎င်းအကြွင်းအကျန်အာဏာကို ပိုင်ဆိုင်ခွင့် ရပါက ပြည်နယ်တို့သည် ဗဟိုအစိုးရထက် တန်ခိုးအာဏာပို၍ကြီးကြောင်း မှတ်ယူရပေသည်။
အကျိုးသက်ရောက်မှု
ဗဟိုအစိုးရမှ အကြွင်းအကျန်အာဏာကို ပိုင်ဆိုင်ခွင့်ရသော်…
၁။ ဗဟိုအစိုးရသည် ပြည်နယ်အစိုးရထက် တန်ခိုးအာဏာပိုကြီးသည်။
၂။ ပြည်နယ်များလွတ်လပ်ခြင်းမရှိဘဲ ဗဟိုအစိုးရ၏ ချုပ်ချယ် ချယ်လှယ်ခြင်းကို ခံရနိုင်ပါသည်။
၃။ ထိုကဲ့သို့သော နိုင်ငံမျိုးကို ပြည်ထောင်စုစစ်စစ်နိုင်ငံဟု မဆိုအပ်ပေ။
ပြည်နယ်များမှ အကြွင်းအကျန်အာစာအား ပိုင်ဆိုင်ခွင့်ရသော်….
၁။ ပြည်နယ်အစိုးရများသည် ဗဟိုအစိုးရထက် တန်ခိုးအာဏာပိုကြီးပါသည်။
၂။ ပြည်နယ်များ လွတ်လပ်ခြင်းရှိ၍ ဗဟိုအစိုးရ၏ အာဏာအား အလွဲသုံးစားပြုလုပ်ခြင်းမရှိနိုင်စေရန် ထိန်းချုပ်ထားနိုင်သည်။
၃။ ထိုကဲ့သို့သော နိုင်ငံမျိုးကို ပြည်ထောင်စုစစ်စစ် နိုင်ငံဟု ခေါ်ဆိုနိုင်ပါသည်။
အမေရိကန်၊ သြစတြေးလျှနှင့် ဆွစ်ဇာလန်နိုင်ငံတို့တွင် အကြွင်းအကျန်အာဏာများမှာ ပြည်နယ်တို့၏ လက်ဝယ်၌ရှိပေသည်။ ထို့ကြောင့် ပြည်နယ်များမှာ များစွာလွတ်လပ်၍ လူတဦးချင်းစီ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို အပြည့်အ၀ အကာအကွယ် ပေးနိုင် ပေသည်။ ထိုသို့သောနိုင်ငံများကို ပြည်ထောင်စုစစ်စစ် နိုင်ငံဟုခေါ်ဆိုပါသည်။
ကနေဒါနိုင်ငံတွင်မူ အကြွင်းအကျန်အာဏာများကို ဗဟိုအစိုးရမှ ရရှိထားသောကြောင့် ပြည်နယ်အစိုးရတို့သည် များစွာ လွတ်လပ်ခြင်းမရှိပေ။ ထို့ကြောင့်ကနေဒါနိုင်ငံမျိုးအား ပြည်ထောင်စုစစ်စစ်နိုင်ငံဟု မဆိုအပ်ပါပေ။
၂။ ပြည်ထောင်စုအတွင်း၌ ပါဝင်ကြသော ပြည်နယ်အချင်းချင်းသော်လည်းကောင်း၊ ဗဟိုအစိုးရနှင့် ပြည်နယ်တို့သော် လည်းကောင်း အချင်းများ၊ အငြင်းပွါးပါက မည်သည့်အဖွဲ့၊ မည်သည့်ပုဂ္ဂိုလ်က ဖြေရှင်းပေးသနည်း။
ပြည်ထောင်စုနိုင်ငံများသည် ရှိသမျှသော နိုင်ငံတော်အာဏာများကို ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအား ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် ခွဲဝေပေးထားပေသည်။ ထို့ကြောင့် နိုင်ငံတော်အာဏာကို သုံးစွဲရာတွင် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား အငြင်းပွါး အချင်းများမှုများရှိလာပါက ၎င်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကိုးကား၍ဖြေရှင်းပေးရပေသည်။ ထို့ကြောင့် ၎င်းအငြင်းပွါး မှုအချင်းများမှုများကို ဆုံးဖြတ်ဖြေရှင်းနိုင်ခွင့်ရှိသူသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကိုးကားကိုင်စွဲခွင့်ရှိသူပင်ဖြစ်ပေသည်။
များသောအားဖြင့် ဗဟိုအစိုးရ၏ တရားစီရင်ရေးဌာနက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကိုးကား၍ အမှားအမှန်အား ဆုံးဖြတ် ဖြေရှင်းစေပါသည်။ သို့ရာတွင် ဗဟိုအစိုးရ၏ တရားစီရင်ရေးဌာနများသည် တခုနှင့်တခု တန်ခိုးအာဏာချင်းမတူညီကြပေ။
ဥပမာအားဖြင့်…
အမေရိကန်ဗဟိုတရားစီရင်ရေးဌာနသည် အမေရိကန်ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေကို ကိုင်စွဲပိုင်ခွင့်ရှိသော်လည်း ပြည်နယ် တရားဥပဒေများကို ဝင်ရောက်စွတ်ဖက်ချယ်လှယ်ခွင့်မရှိပေ။ သြစတြေးလျှနိုင်ငံမှ ဗဟိုတရားစီရင်ရေးဌာနမှာမူ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကိုင်စါဲခွင့်ရှိသည့်အပြင် ပြည်နယ်တို့၏ တရားဥပဒေများကိုလည်း ဝင်ရောက်စွတ်ဖက်ပိုင်ခွင့်ရှိလေသည်။
ကနေဒါ ဗဟိုတရားစီရင်ရေးဌာနသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပင် ကိုင်စွဲကိုးကားခွင့်ပင် မရှိကြောင်း တွေ့ရှိရပြန်ပါ သည်။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံအချင်းချင်းအား နှိုင်းယှဉ်လေ့လာသောအခါ ဗဟိုအစိုးရတရားစီရင်ရေးဌာန၏ တန်ခိုးအာဏာကို ယှဉ်ကြည့်လေ့လာရပေသည်။
၃။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မည်သို့ပြင်ဆင်သနည်း။
ပြည်ထောင်စုနိုင်ငံဟူသည် အထက်စာများ၌ဖေါ်ပြခဲ့သလို နိုင်ငံငယ်အချင်းချင်း ပြည်ထောင်စုနည်းဖြင့် ပေါင်းစည်းထားခြင်းဖြစ် ပေသည်။ တနည်းအားဖြင့် ပေါင်းစည်းရာတွင် ပါဝင်သောနိုင်ငံတိုင်းက မိမိတို့၏ မူလသီးခြားစီရှိသော လွတ်လပ်ခွင့်များကို မဆုံးရှုံး စေလိုသောကြောင့် Unitary State ခေါ် နှစ်ပြည့် တပြည် ပေါင်းစည်းခြင်းမျိုးဖြင့် မပေါင်းစပ်ဘဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖြင့် အာဏာအရပ်ရပ်တို့ကို ခွဲဝေယူသောနည်းဖြင့် ပေါင်းစပ်ထားခြင်းဖြစ်ပေသည်။
ထို့ကြောင့် ၎င်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ပြင်ဆင်ရန်အာဏာကို ဗဟိုအစိုးရတွင်သော်လည်းကောင်း၊ ပြည်နယ် အစိုးရတွင်သော်လည်းကောင်း ထားရှိပါက အဓိပ္ပါယ်မရှိဖြစ်သွားပေလိမ့်မည်။
အကြောင်းမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား ပြင်ဆင်ရန် နည်းလမ်းတရပ်ကို သတ်မှတ် ပေးထားရပေသည်။ ထိုသို့ သတ်မှတ်ထားသော် နည်းလမ်းများမှာလည်း တနိုင်ငံနှင့်တနိုင်ငံ မတူညီကြပေ။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံတို့၏ ကွဲပြားခြားနားချက် ကိုသိလိုလျှင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ပြင်ဆင်သောနည်းလမ်းများကို လေ့လာရပေသည်။
၄။ပြည်နယ် အသီးသီးတို့သည် ဗဟိုအစိုးရဥပဒေပြုအဖွဲ့သို့ မည်ကဲ့သို့ ကိုယ်စားလှယ်များ စေလွှတ်ကြပါသနည်း။
ပြည်ထောင်စုနိုင်ငံရှိ ဗဟိုဥပဒေပြုရေးဌာန တနည်းအားဖြင့် (ပါလီမန်) (လွှတ်တော်) ကိုပြည်နယ်တို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံအချင်းချင်း ကွဲလွဲကုံကိုသိလိုလျှင် ပြည်နယ်များမှ ဗဟိုဥပဒေပြုဌာနသို့ ကိုယ်စားလှယ်လွှတ်သော အချိုးအစားကို လေ့လာရမည်ဖြစ်ပေသည်။
၅။ အခွန်အား မည်ကဲ့သို့ကောက်ခံသနည်း။
ပြည်ထောင်စုနိုင်ငံမျာတွင် အခွန်ကောက်ခံရာ၌ တနိုင်ငံနှင့်တနိုင်ငံမတူညီကြပေ။ အချို့နိုင်ငံများတွင် ဗဟိုအစိုးရမှ ကောက်ခံ၍ ပြည်နယ်အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားအတွက် သုံးစွဲရန်ခွဲဝေသတ်မှတ်ပေးပြီး၊ အချို့နိုင်ငံများတွင် ပြည်နယ်အစိုးရ မိမိတို့ဘာသာ မိမိတို့ပြည်နယ်အတွင်းကောက်ခံ၍ ဗဟိုအစိုးရအား တချို့တဝက်ပေးကာ ပြည်ထောင်စုအုပ်ချုပ်ရေးစနစ်ကို လည်ပတ်စေလေသည်။
အချို့ပြည်ထောင်စုနိုင်ငံများမှာမူ အခွန်နှစ်ထပ်စနစ်ကျင့်သုံး၍ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့သည် မိမိတို့အသုံးစရိတ်ကို သီးခြားစီကောက်ခံပေသည်။ များသောအားဖြင့် ပြည်ထောင်စုစစ်သော နိုင်ငံများသည် သီးခြားစီအခွန်ကောက်ခံ၍ ပြည်ထောင်စု မစစ် သော နိုင်ငံများမှာမူ ဗဟိုအစိုးရမှ တိုက်ရိုက်ကောက်ခံ၍ ပြည်နယ်အစိုးရများသို့ ခွဲဝေပေးသောစနစ်မျိုးကို ကျင့်သုံးကြောင်း မှတ်သား ရပေမည်။
၆။ အုပ်ချုပ်ရေးဌာနတွင် မည်သည့်ပုဂ္ဂိုလ်သည် အကြီးဆုံးဖြစ်သနည်း။
အမေရိကန်ပြည်ထောင်စုတွင် အုပ်ချုပ်ရေးအကြီးအကဲမှာ သမ္မတဖြစ်ပြီး၊ ကနေဒါ၊ သြစတြေးလျှ၊ ဗြိတိန်၊ ဂျာမဏီ၊ အိန္ဒိယ၊ စသောနိုင်ငံများ၏ အကြီးအကဲမှာ ဝန်ကြီးချုပ်ဖြစ်ပေသည်။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံများပင် ဖြစ်သော်လည်း နိုင်ငံအား အုပ်ချုပ် သော အကြီးအကဲတို့အား ရွေးချယ်ရာ၌ ရွေးချယ်ခန့်အပ်တာဝန်ပေးပုံချင်းတို့မှာ တူညီခြင်းမရှိပါပေ။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံ များ၏ ဤအာဏာပိုင်အုပ်ချုပ်ရေး အကြီးအကဲအား မည်သို့ရွေးကောက်တင်မြှောက်သည် ဆိုသည်ကို လေ့လာ ထားရပေမည်။